Saturday, September 5, 2009

Electrocardiography အကြောင်းသိကောင်းစရာ

Electrocardiography (ECG) ဆိုတာကတော့ နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါလက္ခဏာတွေကို လေ့လာစမ်းသပ်ရာမှာ အလွန်ကိုထိရောက်ပြီး အရေးပါလှတဲ့ နည်းစနစ် (Method) တစ်ခုဖြစ်ပါတယ်။ ECG signal တစ်ခုဖြစ်ပေါ်လာပုံကို မပြောခင်မှာ နှလုံးဘာကြောင့်ခုန်ရလဲ ဆိုတာကို အရင်ဆုံး ရှင်းပြပါမယ်။
နှလုံး(Heart)ဟာ ကြွက်သားအပြည့်နဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂါအစိတ်အပိုင်း (Organ) တစ်ခုဖြစ် ပါတယ်။ နှလုံးမှာ အပိုင်း ၂ ပိုင်း ရှိပြီး ဘယ်ဘက်ပိုင်းကတော့ သွေးလွှတ်မှုအပိုင်း(Arterial) နဲ့ ညာဘက်ပိုင်းကတော့ သွေးပြန်မှုအပိုင်း (Venous) တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် အပိုင်းတစ်ပိုင်းစီမှာလည်း အခန်း ၂ ခန်း စီထပ်ရှိနေပါသေးတယ်။ နှလုံးရဲ့ အထက်ပိုင်းအခန်း (Auricle/Atrium) နဲ့ အောက်ပိုင်း အခန်း (Ventricle) တို့ပဲဖြစ်ပါတယ် ။ နှလုံး သည် အလိုအလျောက်ဆောင်ရွက်ခြင်း (Automatism) ၊ လှုံ့ဆော်ခြင်း (Excitability)၊ လျပ်ကူးစီးဆင်းခြင်း (Conductivity) ၊ ကျုံ့နိုင်ဆန့်နိုင်ခြင်း (Contractility) ဆိုတဲ့ လုပ်ငန်းစဉ်တွေကို ပုံမှန်လုပ်ဆောင်ပေးပါတယ်။


နှလုံးဟာ လျပ်ကူးစီးဆင်း မှု (Conductivity) ဖြစ်ပေါ်စေရန်အတွက် Impulse တွေကို ကိုယ်တိုင်ထုတ်လွှတ်နိုင်စွမ်း ရှိပါတယ်။ အထူးသဖြင့် နှလုံးရဲ့ ညာဘက်အပေါ်ပိုင်းအခန်း (Right Atrium) မှာရှိတဲ့ Sinus (Sinoatrial) Node (သို့) SA Node (နှလုံးရဲ့ ပထမဦးဆုံး လှုံ့ဆော်မှုအပိုင်း) ဧ။် လှုံ့ဆော်မှုကို ဖြစ်ပေါ်စေရန်အတွက် Impulse ကိုထုတ်ပေးပါတယ်။ သာမန်အနားယူနေတဲ့ လူတစ် ယောက်မှာဆိုရင် အဲဒီ SA node ဟာ တစ်မိနစ်မှာ Impulse အကြိမ် ၆၀ မှ ၈၀ အထိ (အများဆုံး ၁၀၀) ထုတ်ပေးနိုင်ပါတယ်။ ရောဂါရှာဖွေ စမ်းသပ်နိုင်ရန်အတွက် နှလုံးခုန်ခြင်း (Heart Rhythm) ရဲ့ အဓိက ဇာစ်မြစ်ကတော့ Atrioventricular Node (AV node) (ဒုတိယလှုံ့ဆော်မှုအပိုင်း) ပဲ ဖြစ်ပါတယ်။ အဲဒီအပိုင်းကတော့ တစ်မိနစ်မှာ Impulse ပျမ်မျှ ၄၀ မှ ၅၀ အထိ ထုတ်ပေးနိုင်ပါတယ်။ တတိယမြောက် လှုံ့ဆော်မှု အပိုင်း ကတော့ နှလုံးရဲ့အောက်ပိုင်းအခန်း (Ventricles) ၂ ခန်းရဲ့ ကြွက်သားများ (Ventricular Muscle) တွေမှာရှိတဲ့ Purkinje fibers ပဲဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ တစ်မိနစ်ကို Impulse ပျမ်းမျှ ၂၀ မှ ၄၀ အထိထုတ်ပေးပါတယ်။ ပုံမှန် အခြေအနေတွေမှာ ဆိုရင်တော့ SA node မှ ထုတ်ပေးတဲ့ Impulse / Beat ကြိမ်နှုန်းကိုပဲ နှလုံးခုန်နှုန်း အဖြစ်သတ်မှတ်ပါတယ်။
လှုံ့ဆော်ခြင်း (Excitability) ဆိုတာကတော့ နှလုံးရဲ့ ကြွက်သားများ လှုပ်ရှား ကျုံ့ဆန့်နိုင်ခြင်း ပါပဲ။ ပုံမှန်အခြေအနေတွေမှာတော့ နှလုံးခုန်ခြင်းဟာ SA node ရဲ့လှုံ့ဆော်မှုကြောင့် ဖြစ်ပွားပါတယ်။ လှုံ့ဆော်မှု ဖြစ်ပေါ်နေစဉ်မှာပဲ လျှပ်စစ်ရွေ့လျှားမှုစွမ်းအား (Electromotive Force) တစ်ခု ဖြစ်ပေါ်ပါတယ်။ အဲဒီအားကို Electrocardiograph မှာ ဖော်ပြပေးခြင်းကို Electrocardiogram ဟုခေါ်ခြင်း ဖြစ်ပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာနိုင်ရန်အတွက် Electrodes များကို ရင်ဘတ် ၊ လက်မောင်း ၊ ခြေထောက် တို့ရဲ့ သတ်မှတ်ထားတဲ့ နေရာတွေမှာ တပ်ဆင်ရပါတယ်။

နှလုံးခုန်နှုန်း တိုင်းတာနည်းစနစ်များ
နှလုံးခုန်နှုန်း တိုင်းတာရာတွင် ECG signal တစ်ခုရရှိရန်အတွက် Electrodes များ ချိတ်ဆက် တိုင်းတာမှု ပုံစံနှင့် နည်းစနစ်မှာ ၁၂ မျိုး ရှိပါတယ်။ထိုနည်းစနစ်များကို အခြေခံအားဖြင့် အုပ်စု(၃) ခု ခွဲခြား နိုင်ပါတယ်။
(၁) Bipolar leads (Limb leads) - လျပ်စစ်အဖို (Positive) ဓာတ်အားနှင့် အမ (Negative) ဓာတ်အား ၂ ခုစလုံးကို အသုံးပြုသော စနစ် ၊
(၂) Unipolar leads (Augmented Limb leads) - လျပ်စစ်အဖို (သို့) အမ ၁ ခု သာ အသုံးပြုသော စနစ် ၊
(၃) V leads (Chest leads) - လူဧ။်ရင်ဘတ်ပိုင်းတွင် Electrodes ၆ ခုကို သတ်မှတ်ထားသော နေရာများတွင် တပ်ဆင်တိုင်းတာသော စနစ် (V1 မှ V6 အထိရှိသည်) ။




(၁) Bipolar leads (Limb leads)
Bipolar leads စနစ်တွင် Electrodes များတပ်ဆင်မှု ပုံစံ (၃) မျိုး ရှိပါတယ်။

Lead I : လျှပ်စစ်အမဓာတ်အား (Negative) ရှိသော Electrode ကို ညာဘက် လက်မောင်းတွင် တပ်ဆင်ပြီး ၊ အဖိုဓာတ်အား (Positive) ရှိသော Electrode ကိုတော့ ဘယ်ဘက်လက်မောင်း တွင် တပ်ဆင်ပါတယ် ။
Lead II : လျှပ်စစ်အမဓာတ်အား (Negative) ရှိသော Electrode ကို ညာဘက် လက်မောင်းတွင် တပ်ဆင်ပြီး ၊ အဖိုဓာတ်အား (Positive) ရှိသော Electrode ကိုတော့ ဘယ်ဘက်ခြေထောက် တွင် တပ်ဆင်ပါတယ် ။
Lead III : လျှပ်စစ်အမဓာတ်အား (Negative) ရှိသော Electrode ကို ဘယ်ဘက် လက်မောင်းတွင် တပ်ဆင်ပြီး ၊ အဖိုဓာတ်အား (Positive) ရှိသော Electrode ကိုတော့ ဘယ်ဘက်ခြေထောက် တွင် တပ်ဆင်ပါတယ် ။

မှတ်ချက်။ ။ Electrical Potential ကို Electrodes ၂ ခုရဲ့ ခြာနားခြင်းမှ ရယူပါတယ်။
ညာဘက်လက်မောင်းတွင် အမြဲတမ်း Negative Electrode ။
ဘယ်ဘက်လက်မောင်းတွင် အမြဲတမ်း Positive Electrode ။
(၂) Unipolar Leads (Augmented Limb leads)
Unipolar leads စနစ်တွင်လည်း Electrodes များတပ်ဆင်မှု ပုံစံ(၃) မျိုးရှိပါတယ်။ သို့သော် ဤစနစ်တွင် Electrodes (၃)ခုကို တပြိုင်တည်း အသုံးပြုပြီး ၊ တစ်ခုမှာ Active Electrodes ဖြစ်ပြီး ၊ ကျန် (၂) ခှုမှာတော့ Silent Electrodes တွေပဲဖြစ်ပါတယ်။

(၁) aVR (Augmented vector right) lead - လျပ်စစ် အဖိုဓာတ်အား (Positive) ရှိတဲ့ Active Electrode ကိုညာဘက်လက်မောင်း တွင်တပ်ဆင်ပြီး ၊ အခြားသော Silent Electrodes (၂) ခုကိုတော့ ဘယ်ဘက်လက်မောင်း နှင့် ဘယ်ဘက်ခြေထောက်တို့တွင် တပ်ဆင်ပါတယ်။ Silent Electrodes (၂) ခုကို ခုခံအား (Resistance) တစ်ခုကို ဖြတ်စေပြီး ချိတ်ဆက်ပေးထားပါတယ်။
(၂) aVL (Augmented vector left) lead - ၄င်းစနစ်တွင်လည်း aVR နည်းတူ ချိတ်ဆက်ပေးရပါတယ်။ သို့သော် လျပ်စစ်အဖိုဓာတ်အား (Positive) ရှိတဲ့ Active Electrode ကိုတော့ ဘယ်ဘက်လက်မောင်းတွင် တပ်ဆင်ပေးပြီး ၊ ကျန် Silent Electrodes (၂) ခု ကိုတော့ ညာဘက် လက်မောင်း နှင့် ဘယ်ဘက်ခြေထောက် တို့မှာ တပ်ဆင်ပါတယ်။
(၃) aVF (Augmented vector foot) lead - ၄င်းစနစ်သည်လည်း aVR နှင့် aVL တို့နည်းတူ ဖြစ်ပြီး ၊ Positive Active Electrode ကို ဘယ်ဘက်ခြေထောက် တပ်ဆင်ပေးရပါတယ်။
မှတ်ချက်။ ။ Unipolar Lead စနစ်တွင် Electrical Potential ကို Active Electrode နှင့် Silent Electrodes (၂) ခုရဲ့ ပျမ်းမျှတန်ဖိုး (Average) တို့ရဲ့ ခြားနားခြင်းမှ ရယူပါတယ်။


(၃) V leads (Chest leads)
V leads စနစ်တွင် V1 မှ V6 အထိ စနစ် (၆) မျိုးရှိပြီး ၊ Positive Active Electrodes (၆) ခုကို သတ်မှတ်ထားတဲ့ နေရာ (၆) ခုမှာ တပ်ဆင်ပေးရပါတယ်။ Electrical Potential တန်ဖိုးကိုတော့ V1 မှ V6 Electrodes များမှပဲ ရယူပါတယ်။ Positive Electrodes (၆) ခု ရှိတဲ့အတွက် Electrical Potential (တစ်နည်းအားဖြင့် ECG signals) (၆) ခု ရရှိပါတယ်။


• V1 - ညာဘက် စတုတ္ထမြောက် နံရိုး ကြားတွင် တပ်ဆင်သည်။
• V2 - ဘယ်ဘက် စတုတ္ထမြောက် နံရိုး ကြားတွင် တပ်ဆင်သည်။
• V3 - V2 နှင့် V4 ကြားတွင် တပ်ဆင်သည်။
• V4 - ပဉ္စမမြောက် နံရိုး (၀ါ) ညှပ်ရိုး ရဲ့ အလယ်ကြား တွင် တပ်ဆင်သည်။
• V5 - ပဉ္စမမြောက် နံရိုး ကြား ၊ V4 နှင့် တစ်တန်းတည်း ၊Axillary lines ရဲ့အရှေ့ဘက် တွင် တပ်ဆင်သည်။
• V6 - ပဉ္စမမြောက် နံရိုး ကြား ၊ V4 နှင့် တစ်တန်းတည်း ၊ Axillary lines ရဲ့အလယ် တွင် တပ်ဆင်သည်။
မှတ်ချက်။ ။ တိုင်းတာမှုစနစ် ၄ မျိုးသုံးစက် နှင့် ၁၂ မျိုးသုံးစက် တို့တွင် နောက်ထပ် Electode တစ်ခုကို ညာဘက်ခြေထောက် (ခန္ဓာကိုယ်ဧ။် ကြိုက်ရာနေရာ) တွင် တပ်ဆင်ကာ Ground ချပေးရသည်။

Electrocardiograph ဧ။်ဝိသေသလက္ခဏာ
စံသတ်မှတ်ထားတဲ့ ECG signal တစ်ခုမှာ : P-wave ၊ Q-wave ၊ R-wave ၊ S-wave ၊ T-wave ၊ U-wave ဆိုတဲ့ အခြေခံ ၀ိသေသလက္ခဏာ (wave) ၆ ခု ရှိပါတယ်။ ဒါ့အပြင် PR-segment ၊ PR-interval ၊ QRS-complex(interval) ၊ ST-segment ၊ QT-segment ၊ ST-interval ၊ QT-interval စသည်ဖြင့်အခြားသော ၀ိသေသလက္ခဏာ တွေလည်းရှိပါသေးတယ်။
• Signal ရဲ့ ပထမဦးဆုံး အပေါ်ဘက်သို့ကွေးကာထွက်နေသော အခုံးလေးကို P-wave လို့ခေါ်ပါတယ်။ ၄င်း P-wave သည် နှလုံးရဲ့အပေါ်ဘက်အခန်း ၂ ခန်း (Auricles) မှသွေးများကို အောက်ဘက်အခန်း ၂ ခန်း (Ventricles) သို့ ညှစ်ထုတ်ပေးမှု (Pump Out) ဖြစ်စဉ်ကို ညွှန်ပြပေးပါတယ်။
• P-wave ရဲ့အဆုံးမှ Q-wave ရဲ့အဆုံးအထိ ရှိသောအပိုင်းကို PR-segment ဟုခေါ်ပြီး SA node လှုံ့ဆော်မှု ပြီးဆုံးပြီးနောက် AV node မှလှုံ့ဆော်မှုမစတင်မှီ အချိန်အတိုင်းအတာကို ဖော်ပြပေး ပါတယ်။
• Q-wave ရဲ့အစမှ S-wave ရဲ့အဆုံးအထိ ရှိသောအစိတ်အပိုင်းကို QRS complex(interval) လို့ခေါ်ပါတယ်။ နှလုံးရဲ့ အောက်ဘက်အခန်း ၂ ခန်းသွေးဖြည့်၍ ပြန်လည်ညှစ်ထုတ်ခြင်းဖြစ်စဉ်ကို ညွှန်ပြပေးပါတယ်။

• S-wave ရဲ့အဆုံးမှ T-wave ရဲ့ အစအထိရှိသော အပိုင်းမှာ ST-segment ဖြစ်ပြီး ၊ နှလုံးမှသွေးများ ညှစ်ထုတ်ပြီးချိန်မှ နှလုံးပြန်လည်အနားမယူခင် အချိန်အထိရှိသော ကြာချိန်ကို ဖော်ပြပေးပါတယ်။
• T-wave ကတော့ နှလုံးရဲ့ အနားယူနေသော ကာလအပိုင်းအခြားတစ်ခုပဲဖြစ်ပါတယ်။
• U-wave ကတော့တစ်ခါတစ်လေ မှသာ ဖြစ်ပေါ်လေ့ရှိပါတယ်။
Ischaemia လို့ခေါ်တဲ့ နှလုံးမှအခြားသော ခန္ဓာအစိတ်အပိုင်းများသို့ သွေးပို့လွှတ်ပေးနိုင်မှု ပမာဏ နည်းပါးတဲ့ရောဂါမျိုး ကို U-wave ရဲ့ ဖြစ်ပေါ်မှုအခြေအနေကိုလိုက် ၍ စမ်းသပ်စစ်ဆေး နိုင်ပါတယ်။
နှလုံးခုန်ခြင်းဖြစ်စဉ်ကို ယေဘုယျအားဖြင့် အပိုင်း၂ပိုင်း ခွဲခြားလို့ရပါတယ်။
၁။ Systole - သွေးညှစ်ထုတ်ခြင်း
၂။ Diastole - အနားယူခြင်း နှင့် သွေးဖြည့်ခြင်း
နှလုံးအတွင်းမှ သွေးများကို သွေးလွှတ်ကြောများဆီသို့ ညှစ်ထုတ်ပေးခြင်းကို Systole ဟုခေါ် ပါတယ်။ ၄င်းဖြစ်စဉ်ရဲ့ ကြာချိန်ကို သိချင်ရင်တော့ QT-interval ( Q-wave အစမှ T-wave အဆုံးအထိ) ကိုတိုင်းတာခြင်းဖြင့် သိနိုင်ပါတယ်။
နှလုံးအတွင်းမှ သွေများညှစ်ထုတ်ပြီးနောက်မှာ နှလုံးဟာပြန်လည်အနားယူပါတယ်။ ဒါ့အပြင် နှလုံးရဲ့အပေါ်ဘက်အခန်း ၂ ခန်း (Auricles) ကို သွေးပြန်လည်ဖြည့်ပါတယ်။ အဲဒီဖြစ်စဉ်ကိုတော့ Diastole လို့ ခေါ်ပါတယ်။ ၄င်းဖြစ်စဉ်ရဲ့ ကြာချိန်ကိုသိချင်ရင်တော့ TP-segment (T-wave ရဲ့အဆုံးမှ နောက် Signal တစ်ခုရဲ့ P-wave ရဲ့အစ အထိ) ကိုတိုင်တာခြင်းဖြင့် သိနိုင်ပါတယ်။ TP-segment ရဲ့တန်ဖိုးဟာ နှလုံးခုန် နှေးခြင်း (Bradycardia) ဖြစ်စဉ်မှာ မြင့်မားလာတတ်ပြီး၊ နှလုံးခုန်မြန်ခြင်း (Tachycardia) ဖြစ်စဉ်မှာတော့ လျော့နည်းသွားတတ်ပါတယ်။


နှလုံးရဲ့စည်းချက် (Heart Rhythm) ပုံမှန်ဟုတ်မဟုတ်ကို သိချင်ရင်တော့ -
(က) နှလုံးခုန်နှုန်း ဘယ်လောက်ရှိလဲ ?
(ခ) အဲဒီ နှလုံးခုန်နှုန်း က ပုံမှန်ရာဟုတ်ရဲ့လား ?
(ဂ) Signal မှာ P-wave ရော ပေါ်ရဲ့လား ?
(ဃ) QRS complexs ရော ရှိလား ?
(င) Electrocardiograph(ECG) မှာ ရှိတဲ့ QRS complexs အရေအတွက်နဲ့ P-waves အရေအတွက် တို့ကရော ညီရဲ့လား ?
(စ)PR-interval ရဲ့တန်ဖိုးကရော ကိန်းသေ(Constant) ဖြစ်ရဲ့လား ?
စသည့်အချက်များကို လေ့လာသင့်ပါတယ် ။

0 comments:

Post a Comment