Monday, September 21, 2009

ကင်ဆာနှင့် ပတ်သက်၍ သိထားသင့်သော အချက်များ

ကင်ဆာရောဂါလို့ ဆိုလိုက်တာနဲ့ ၀မ်းနည်းဖွယ်ရာ နိဂုံးအတော်များများ ရှိနေတဲ့ လူတိုင်းလိုလို သတ်မှတ်ထားတဲ့ ရောဂါဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၀၉ ခုနှစ်မှာ ကင်ဆာရောဂါဖြစ်ပွားသူ ၁.၅ သန်း ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ထို့ပြင် ကင်ဆာရောဂါနဲ့ သေဆုံးသူတွေဟာ တစ်ရက်ကို အယောက် ၁၅၀၀ ခန့် ရှိပါနေတယ်။ တနည်းအားဖြင့် ဆိုရင်တော့ သေဆုံးသူ လေးယောက်မှာ တစ်ယောက်ဟာ ကင်ဆာ ရောဂါကြောင့်လို့ ဆိုရပါလိမ့်မယ်။

ဒါဆို အဲဒီလို ဆိုးရွားတဲ့ ကင်ဆာရောဂါဆိုးကြီးကို တိတိကျကျမသိရှိဘဲနဲ့ မှန်းပြီး ကြောက်နေရမှာလား ဆိုတာ မေးစရာ ရှိလာပါတယ်။ ကင်ဆာရောဂါ အများစုမှာ သက်ဆိုင်ရာ နေရာကိုလိုက်ပြီး ဖြစ်ပေါ်တတ်တဲ့ လက္ခဏာ တချို့ရှိပါတယ်။ ဒီအချက်လေးတွေကို သတိထားခြင်းဖြင့် ကိုယ့်မှာ ကင်ဆာရောဂါရှိနေမလား ဆိုတာကို သတိထားနိုင်ပြီး အချိန်မနှောင်းခင်မှာ ကျွမ်းကျင်တဲ့ ဆေးပညာရှင်များနဲ့ ပြသဆွေးနွေးပြီးတော့ လိုအပ်တဲ့ ကုသမှုတွေကို ခံယူဖို့လိုအပ်ပြီလို့ ဆိုနိုင်ပါတယ်။

ကင်ဆာရောဂါမှာ တွေ့ရတတ်တဲ့ အချို့သော အချက်တွေဟာ တခြားရောဂါတွေမှာလည်း တွေ့နိုင်တာမို့ ဒီလက္ခဏာရှိတဲ့သူတိုင်းကို ကင်ဆာရောဂါဖြစ်နေပါပြီလို့ ပြောလို့မရပါဘူး။ သို့သော် ဒီအချက်တွေကို တွေ့တဲ့သူတွေဟာ ကင်ဆာဖြစ်ဖို့ အလားအလားရှိတဲ့ အုပ်စုမှာ ဆိုရင်တော့ ပိုမိုသတိထားသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ဥပမာ ဆိုရရင်တော့ ဆေးလိပ်သောက်သုံးသူ၊ ဟော်မုန်းဆေးများ သောက်သုံးသူ၊ ဓာတ်ရောင်ခြည်များနှင့် အလုပ်လုပ်ရသူ၊ စက်ရုံအလုပ်ရုံများမှာ အလုပ်လုပ်သူ၊ ဓာတုဗေဒပစ္စည်းများကို အစဉ်မပြတ်ကိုင်တွယ် သုံးစွဲနေရသူ၊ ကင်ဆာမျိုးရိုးဗီဇရှိသူနှင့် အသက်အရွယ်ကြီးရင့်သူ စသည်ဖြင့်ပေါ့။

သတိထားမိသင့်တယ်ဆိုတဲ့ အချက်လေးတွေကတော့…

၁။ ချွဲသလိပ်များကြောင့် အသက်ရှုာကြပ်ခြင်း သို့မဟုတ် အသက်ရှုရပ်ခြင်း။
ဒီလက္ခဏာကို သာမန် အဆုတ်ရောဂါများမှာလည်း တွေ့နိုင်ပါတယ်။ထို့အပြင် အဆုတ်ကင်ဆာရောဂါရဲ့ လက္ခဏာများထဲက တစ်ခုအနေနဲ့လည်း တွေ့နိုင်ပါတယ်။ ကာလကြာရှည်စွာ ချောင်းဆိုးခြင်း နဲ့ ရင်ဘတ်အောင့်ခြင်း၊ သွေးကင်ဆာ၊ အဆုတ်ကင်ဆာသမားတွေမှာ ဆိုရင်တော့ ချောင်းကို ဆိုးဆိုးရွားရွား ဆိုးတာမျိုးတွေ တွေ့ရတတ်ပါတယ်။

၂။ မကြာခဏ ဖျားနာခြင်းနှင့် ရောဂါပိုးဝင်လွယ်ခြင်း။
ဖျားနာခြင်းဟာ ယေဘုယျ လက္ခဏာ တစ်ခုဖြစ်သလို ဒါဟာ သွေးကင်ဆာရဲ့ လက္ခဏာ တစ်ခုဖြစ်နေနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ သွေးကင်ဆာ ဖြစ်ပွားသူတွေမှာ ရိုးတွင်းခြင်ဆီကနေ ထုတ်လုပ်တဲ့ သွေးဖြူဥတွေကို ပုံစံပျက်စေပါတယ်။ ခုခံအားစနစ်မှာ ပုံစံမမှန်တဲ့ သွေးဖြူဥတွေကြောင့် ခုခံအားစနစ်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် သွေးကင်ဆာရှိသူတွေမှာ မကြာခဏ ဖျားနာတတ်တာ ဖြစ်ပါတယ်။

၃။ အစားအသောက်များ မျိုချရာတွင် အခက်အခဲဖြစ်ခြင်း။
အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ကင်ဆာတချို့နဲ့ လည်ပင်း ကင်ဆာတွေမှာ အစားသောက် မျိုချရတာ ခက်ခဲတတ်ပါတယ်။

၎။ သနံ အကြိတ်လေးများ ရောင်ရမ်းခြင်း (သို့မဟုတ်) လည်ပင်းပေါင်ခြံ တို့မှအဖုအကြိတ်များ။
သနံကြိတ်လေးများ ရောင်ရမ်းခြင်းဟာ သနံအဖွဲ့အစည်းရဲ့ အလုပ်လုပ်ဆောင်မှု မမှန်ကန်ခြင်းကို ဖြော်ပပါတယ်။ ဒါဟာ ကင်ဆာတစ်မျိုးမျိုးရဲ့ ရှေ့ပြေး လက္ခဏာ ဖြစ်နေနိုင်ပါတယ်။

၅။ အတွင်းကြေအနာ ဆိုးဆိုးဝါးဝါးဖြစ်ခြင်း (သို့မဟုတ်) သွေးတိတ်ရန်ကြာမြင့်ခြင်း။
သွေးကင်ဆာဖြစ်တဲ့သူတွေမှာ ဒီလိုလက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သွေးဖြူဥနဲ့ သွေးဥမွှားတွေမှာ ပြဿနာရှိခြင်းကြောင့်လို့ပဲ အကြမ်းဖျင်းပြောနိုင်ပါတယ်။

၆။ အလိုလို အားနည်းနေခြင်းနှင့် မောပန်းလွယ်ခြင်း။
ဒါကတော့ အမျိုးမျိုးသော ကင်ဆာတွေမှာ တွေ့ရတတ်ပါတယ်။ အကြောင်းပြချက်မရှိဘဲ မောပမ်းလွယ်နေမယ်၊ အားနည်းနေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၇။ အစားအသောက်ပျက်ခြင်း။
“ငါ ဆာလဲ မစားဘူး။ စားလဲ မစားနိုင်ဘူး” ဆိုတဲ့ စကားသံများကို တခါတလေ ကျွန်တော်တို့ ကြားရတတ်ပါတယ်။ ဒီလက္ခဏာကို သားအိမ်ကင်ဆာသမားတွေမှာ တွေ့ရတတ်ပါတယ်။

၈။ တင်ပါးနှင့် ၀မ်းဗိုက်တစ်ဝိုက်တွင် နာကျင်ခြင်း။
လေပွခြင်းနှင့် တွဲပြီး ၀မ်းဗိုက်နှင့် တင်ပါးတ၀ိုက်တွင် နာကျင်ကိုက်ခဲပါက သားအိမ်ကင်ဆာကို ထည့်ပြီး စဉ်းစားသင့်ပါတယ်။ ဒါ့အပြင် ၀မ်းဗိုက်တ၀ိုက် နာကျင်ခြင်းဟာ ဆိုရင်ဖြင့် သွေးကင်ဆာကြောင့် ထိခိုက်ခံရတဲ့ သရက်ရွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၉။ စအိုမှ သွေးကျခြင်းနှင့် ၀မ်းသွားရာမှာသွေးပါခြင်း။
လိပ်ခေါင်းနဲ့ စအိုကွဲနာတွေမှာ ၀မ်းသွားလျှင် သွေးပါတတ်သလို အူမကြီး နဲ့ စအိုကင်ဆာတွေမှာ တွေ့တတ်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက အိမ်သာမှာ သွေးတွေ့ပြီဆိုတာနဲ့ ဆေးခန်းပြသင့်ကြောင်းနဲ့ လိုအပ်ပါက ၀မ်းစစ်ဆေးခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းကို မှန်ပြောင်းဖြင့် ကြည့်ရှုခြင်းများကို လိုအပ်သလို လုပ်သင့်ကြောင်း အကြံပြုထားပါတယ်။

၁၀။ အကြောင်းအရင်း ခိုင်ခိုင်မာမာမတွေ့ရှိဘဲ ကိုယ်အလေးချိန် ရုတ်တရက်ကျခြင်း။
အူမကြီး၊ အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာတချို့မှာ ကိုယ်အလေးချိန် ကျတတ်ပါတယ်။ အသည်းကို ပျံ့နှံ့သွားတတ်တဲ့ ကင်ဆာမျိုးတွေမှာလည်း စားချင်စိတ်ကို လျော့နည်းစေတာကို တွေ့ရပါတယ်။

၁၁။ အစာအိမ်မှာ မသက်မသာခံစားရခြင်း။
အစာအိမ်နာခြင်း နဲ့ ဗိုက်အောင့်တတ်ခြင်းတွေကိုလည်း အူမကြီးကင်ဆာမှာ တွေ့ရတတ်ပါသေးတယ်။

၁၂။ သားမြတ် နီရဲ ရောင်ရမ်း နာကျင်ခြင်း။
သားမြတ်ကင်ဆာသမားတွေမှာ ဒီလိုလက္ခဏာတွေကို တွေ့ရတဲ့အတွက် အဲဒီလို အခြေအနေကို ကြုံလာခဲ့ပြီဆိုရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်ကို သွားရောက် ဆွေးနွေးသင့်ပါတယ်။

၁၃။ သားမြတ်ခေါင်း ပုံစံပြောင်းလဲခြင်း။
သားမြတ်ကင်ဆာကတော့ ဆရာဝန်ဆီ မရောက်ခင်ကတည်းက အမျိုးသမီးတွေ သတိထားမိနိုင်တဲ့ အမျိုးအစားပါလို့ ပြောရင် မမှားပါဘူး။ သားမြတ်ခေါင်း ပုံစံနဲနဲ ပြောင်းတာနဲ့ ရောဂါ ရှာဖွေရေးလုပ်သင့်ပြီဆိုတဲ့ အချက်ကိုတော့ မမေ့အပ်ပါဘူး။

၁၄။ ဓမ္မတာမမှန်တော့ခြင်း။
တခါတလေမှာ အချိန်အခါမဟုတ် ရာသီသွေးလာတာ ကိုတွေ့ရပါတယ်။ ဒါ့အပြင် အလွန်အမင်း နာကျင်ခြင်းကိုလည်း ခံစားရတတ်ပါတယ်။ ဒါဟာဆိုရင်ဖြင့် သားအိမ်နဲ့ဆိုင်တဲ့ ကင်ဆာတွေရဲ့ လက္ခဏာပါပဲ။ ဒါကြောင့် ရောဂါရှာဖွေကုသနိုင်ဖို့အတွက် ဆေးပညာရှင်များနဲ့ ဆွေးနွေးသင့်ပါတယ်။

၁၅။ မျက်နှာ ရောင်ရမ်း ဖေါသွပ်ခြင်း။
တခါတရံ မျက်နှာမှာ ရောင်ရမ်းဖောသွပ်ခြင်းနဲ့ နီမြန်းခြင်းတွေကို အဆုတ်ကင်ဆာရဲ့ ရှေ့ပြေး အနေနဲ့ တွေ့ရတတ်ပါတယ်။

၁၆။ အရေပြားတွင် အဖုအကြိတ်နှင့် အနီကွက်များ ပေါ်လာခြင်း။
အရေပြားမှာ တစ်ခုခု အပြောင်းအလဲ ဖြစ်မဖြစ်ကို အမြဲတစေ စောင့်ကြည့်နေဖို့လိုအပ်ပါတယ် ။ ဒါမှသာလျှင် အရေပြားနဲ့ဆိုင်တဲ့ ကင်ဆာအမျိုးမျိုးကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၁၇။ လက်သည်းခြေသည်းခွံများတွင် ပြောင်းလဲခြင်း။
လက်သည်း ခြေသည်းများ ညိုမည်းလာခြင်းနှင့် အမည်းစက်လေးများ ပေါ်လာခြင်းကို အရေပြားကင်ဆာတွေမှာ တွေ့ရပါတယ်။ လက်ချောင်းထိပ်လေးတွေမှာ တင်းပုတ်ပုံစံကဲ့သို့ ကြီးလာခြင်းကတော့ အဆုတ်ကင်ဆာရဲ့ လက္ခဏာတစ်ခုပါ။ ဒါ့အပြင် လက်သည်းခြေသည်း အရောင်များဖျော့ခြင်း၊ ဖြူခြင်းများကိုတော့ အသည်းကင်ဆာမှာ တွေ့ရတတ် ပြန်ပါတယ်။

၁၈။ ခါးနာခြင်း။
အသည်းကင်ဆာခံစားရသူ အများစုကတော့ ခါးနာတယ် လို့ပြောကြပါတယ်။ ဒါ့အပြင် သားမြတ်ကင်ဆာသမားတွေမှာလည်း ခါးနာတာကို တွေ့ရတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကင်ဆာဆဲလ်တွေက နံရိုးတွေနဲ့ ကျောရိုးတွေကိုပါ ပျံ့နှံ့သွားနိုင်လို့ပါပဲ။

အမှန်တကယ်ကတော့ လူတိုင်းလူတိုင်း မိမိတို့ကိုယ်မှာ ဘာတွေ ပြောင်းလဲနေတယ်ဆိုတာကို အစဉ်မပြတ် စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ အားလုံး သိတဲ့အတိုင်းပါပဲ ရောဂါတစ်ခုဟာ စောစော သိတယ်ဆိုရင် ကုသရေးမှာ အောင်မြင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ နောက်ထပ်သိထားသင့်တဲ့ အချက်ကတော့ ကျန်းမားရေးနဲ့ ညီညွတ်စွာ နေထိုင်တတ်ခြင်းဟာ ကင်ဆာရောဂါကို ကာကွယ်ရာမှာ ထိရောက်တဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ အိပ်ရေး၀၀အိပ်ခြင်း၊ သင့်တင့် မျှတစွာစားသုံးခြင်း၊ လေ့ကျင့်ခန်း၊ မှန်မှန်လုပ်ခြင်းနဲ့ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချခြင်းတို့ကို လုပ်ဆောင်ကြည့်ပါ။ အမှန်တကယ် အကျိုးရှိကြောင်း သိလာပါလိမ့်မယ်။

တကယ်ဆိုရင်တော့ ကင်ဆာရောဂါဟာ ကာကွယ်လို့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကင်ဆာရောဂါ အများစုဟာ အ၀လွန်မှု၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အစာအဟာရ ချို့တဲ့ခြင်းတွေနဲ့ ဆက်စပ်နေလို့ပါပဲ။ နောက်ကျွန်တော်တို့ သတိမထားမိတဲ့ အချက်ကတော့ ဗိုက်တာမင်ဒီ ချို့တဲ့ခြင်းပါပဲ။ အခု သိလာရတဲ့ အချက်တစ်ခုကတော့ ဗိုက်တာမင်ဒီကိုသာ ကောင်းကောင်း ဖြည့်တင်းထားမယ်ဆိုရင် ကင်ဆာရဲ့ ၅၀ရာခိုင်နှုန်းလောက်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ အချက်တစ်ခုပါပဲ။

ကင်ဆာရောဂါ ဖြစ်ပွားမှု့ လျော့နည်းအောင် ဘယ်လိုကာကွယ်မလဲ ...

၁။ ဗိုက်တာမင်ဒီ ပမာဏကို မလျော့ကျအောင်ထိန်းထားခြင်း။
အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်းပါပဲ။ ဗိုက်တာမင်ဒီ ပမာဏကို လျော့ကျမနေအောင် ထိန်းထားဖို့ လိုအပ်ပါတယ်။ ဆိုတော့ ဘယ်နည်းတွေနဲ့ ဗိုက်တာမင်ဒီကို ရယူမလဲ။ အကောင်းဆုံးနဲ့ သဘာဝအကျဆုံးကတော့ နေရောင်ခြည်ကနေ ရယူခြင်းပါပဲ။ နေရောင်ခြည်ကို ထိတွေ့ခြင်းနဲ့ ကျွန်တော်တို့ဟာ ဗိုက်တာမင်ဒီကို ရယူနိုင်ပါတယ်။ မလုံလောက်ခဲ့ရင်တော့ ဗိုက်တာမင်ဒီ ပါတဲ့ ဆေးဝါးများကနေ တဆင့် ဗိုက်တာမင်ဒီ ပမာဏကို ဖြည့်တင်းနိုင်ပါတယ်။

၂။ အ၀လွန်မှုမှ ကာကွယ်ခြင်း။
နောက်တစ်ခုကတော့ ကာဗိုဟိုက်ဒြိတ် ပမာဏကို တက်စေမယ့် ဆန်၊ ပြောင်း၊ အာလူး စတာတွေကို တတ်နိုင်သလောက် လျှော့စားဖို့ပါပဲ။ ဒီအစားသောက်တွေဟာ အ၀လွန်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင် ကင်ဆာဟာ အ၀လွန်မှုနဲ့ ဆက်စပ်နေတဲ့အတွက် ဒီအစားအသောက်တွေကို လျှော့ချခြင်းအားဖြင့် ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို လျော့ကျစေမှာ ဖြစ်ပါတယ်။
၃။ လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း။
လေ့ကျင့်ခန်း မှန်မှန်လုပ်မယ်ဆိုရင်တော့ ကင်ဆာရောဂါကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် အ၀လွန်မှုကနေ ကာကွယ်ပေးတဲ့ အပြင် ဆဲလ်ထဲက ဆက်သွယ်ရေးစနစ်ကိုပါ ကောင်းမွန်စေတဲ့အတွက် ထိရောက်တဲ့ ကာကွယ်နည်း တစ်ခုလို့ ဆိုနိုင်ပါတယ်။

၎။ မျှတစွာစားသုံးပြီး အိပ်ရေးဝအောင် အိပ်စက်ခြင်း။
ကင်ဆာရောဂါကို အဓိက ကုသတဲ့ ဆေးရုံတစ်ခုကနေ လုပ်ထားတဲ့ သုသေသန တစ်ခုအရ ကျန်မာရေးနဲ့ ညီညွတ်စွာ စားသုံးပြီး အိပ်စက်ချိန် မှန်ကန်ခြင်းဟာ ကင်ဆာရောဂါကို ထိန်းချုပ်နိုင်တဲ့ နည်းတစ်ခုပဲဖြစ်တယ်လို့ သူတို့က အခိုင်အမာ ဆိုပါတယ်။

၅။ အဆိပ်တောက်များ ဓါတုဗေဒပစ္စည်းများမှ တတ်နိုင်သမျှရှောင်ရှားခြင်း။
ဖြစ်နိုင်သမျှတော့ အဆိပ်တောက်ဖြစ်စေသော အရာများမှ ရှောင်ရှားသင့်ပါတယ်။ ဥပမာဆိုရရင်တော့ ပိုးသတ်ဆေးများ၊ လေထုညစ်ညမ်းခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ရာမှာ အသုံးပြုတဲ့ ဓာတုဗေဒဆေးများပါပဲ။

ု၆။လက်ကိုင်ဖုန်း အသုံးပြုမှုကို လျှော့ချုခြင်း။
လက်ကိုင်ဖုန်းတွေဟာ ဓာတ်ရောင်ခြည်ဖြာထွက်မှုကို ဖြစ်စေတဲ့ အကြောင်းတစ်ချက်ပါပဲ။ ဓာတ်ရောင်ခြည် ဖြာထွက်မှုဟာ ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်တဲ့ အတွက် တတ်နိုင်သလောက် လက်ကိုင်ဖုန်း အသုံးပြုမှုကို လျှော့ချသင့်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ အချက်တွေကို လိုက်နာမယ် ဆိုရင်တော့ ကင်ဆာရောဂါ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကို တော်တော်လေး တားဆီး ပေးနိုင်ပါလိမ့်မယ်။

ကင်ဆာဖြစ်လာရင် ဘာလုပ်ကြမလဲ.....

ကင်ဆာ ဖြစ်လာပြီဆိုရင်တော့ ကင်ဆာရောဂါကို ကျွမ်းကျင်တဲ့ ဆရာဝန်များနဲ့ပြသပြီး ဓာတုဗေဒ ဆေးသွင်း ကုသခြင်း (chemotherapy)၊ ဓာတ်ရောင်ခြည်ပေး ကုသခြင်း (radiation therapy) နဲ့ ခွဲစိပ်ကုသခြင်း (surgical operation) များကို လိုအပ်သလို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ်ဆိုတဲ့ စကားအတိုင်း တတ်နိုင်သမျှ ကင်ဆာ မဖြစ်အောင် ကာကွယ်ကြပါစို့။



ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁၀ ) မျိုး

( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊
ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်းမက်စေ့ စားမြန်ရည်နှင့် မုန်လာဥ စသည်တိုပ
ဖြစ်ပါသည်၊ အဲဒီဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့
ဓာတ်သဘာဝပစ္စည်းတွေ အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ
ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ ကင်ဆာဖြစ်စေမယ့်
ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။

( ၂ ) မုန်လာဥ-၀ါ

ဆေးလိပ်သောက်သုံးသူတွေ ဖြစ်လာတတ်မယ့် ကင်ဆာရောဂါကို မုန်လာဥ၀ါ တနေ့တလုံး
မှန်မှန်စားပေးနိုင်ရုံနဲ့ ရောဂါလျော့ပါးလာနိုင်ပါမယ်၊ မုန်လာဥ၀ါဟာ
စိတ်ပင်ပန်းမှု၊ ပန်းနာရောဂါဖြစ်မှု၊ ဖျဉ်းရောဂါစွဲမှုနဲ့ အသားအရေ
ဓာတ်ဖောက်မှုတို့ကိုပါ ကာကွယ်ပေးပါတယ်၊ ရောဂါမြင့်မားရင်လည်း
ချုံ့ပေးတတ်ပါတယ်၊ မုန်လာဥ၀ါထဲမှာ ပါဝင်တဲ့ Betacarotene ဓာတ်သဘာဝဟာ
သွေးထဲက ကိုလက်စထရောတွေကိုတောင် ဖိချပေးပြီး အူမကင်ဆာနဲ့ ပတ်သက်တဲ့
ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးတတ်ပါတယ်။
သို့သော် သတိပြုဖို့မှာ ဘယ်လိုပဲ မုန်လဥ၀ါနှင့် ကာကွယ်ဖို့
ဆောင်ရွက်ပေမယ့်လည်း ဆေးလိပ် စီးကရက် တွေကို ဆက်လက်ပြီး သဲကြီးမဲကြီး
ဖွာရှိုက်နေရင်တော့ ဓာတ်သဘာဝရဲ့ ထက်မြက်တဲ့အာနိသင်ကို
ကောင်းစွာခံယူရရှိနိုင်တော့မှာ မဟုတ်ပါဘူး။

( ၃ ) ငရုတ်နှင့် ငရုတ်ကောင်း
ပူစပ်ပူရှိန်းရှိလှတဲ့ ငရုတ်၊ ငရုတ်ကောင်းစေ့တို့ထဲမှာ
Capsaicinလို့ခေါ်တဲ့ ဓာတ်သဘာဝပစ္စည်းတွေ ပါရှိပါတယ်၊ ဒီပစ္စည်းတွေဟာ
ဆေးလိပ်အသောက်များမှု၊ အဆုတ်ကင်ဆာဖြစ်မယ့် ဘေးရန်ကို ကာကွယ်ပေးတတ်ပါမယ်၊
ထို့ပြင်လည်း ပင်ပန်းမှုဗဟိုမှာ နာကျင်ကိုက်ခဲမှုဖြစ်တတ်မယ့်
သဘာဝအကြောင်းတွေကိုပါ ပယ်ဖျက်ပေးခဲ့ ပါတယ်၊ Capsaicinဓာတ်ဟာ ကိုက်ခဲမှုကို
ကာကွယ်ပေးမယ့် သဘာဝလည်း ရှိနေပါတယ်၊ ငရုတ်ကောင်းဟာ သလိပ်ပျောက်စေတယ်၊
ချောင်းဆိုးရင်ကျပ် သက်သာစေတယ်၊ ပြီးတော့ သွေးထဲက ခဲကျပ်မှုတွေကိုလည်း
အရည်ပျော်စေတတ်တယ်။

( ၄ ) ရှောက်၊ သံပရာ၊ အသီးအနံ
သဘာဝအင်ဇိုင်းတွေပါဝင်ပြီး ကင်ဆာဆဲလ်တွေ မျိုးပျံ့အောင် ဆောင်ကြဉ်းနေတဲ့
ကာစီနိုဂျင်တွေကို ဖယ်ရှား နိုင်တဲ့ ဓာတ်သဘာဝတွေဟာ ရှောက်တို့၊
သံပရာတို့ထဲမှာ ပျော်ဝင်စွာ တည်ရှိနေခဲ့ပါတယ်၊ Limoneneလို့ ခေါ်တဲ့
ဓာတ်သဘာဝတွေဟာ ကင်ဆာကို တိုက်ဖျက်နိုင်မယ့် အင်ဇင်းတွေကို
မြှင့်တင်ပေးပါတယ်၊ ရှောက်နှင့် သံပရာတို့ထဲမှာ ပါဝင်တဲ့ Glucarase
ဓာတ်တွေကလဲ ကင်ဆာဖွဲ့စည်းစေမယ့် အကြောင်းတွေကို အရှိန်အဟုန်နဲ့
ချေဖျက်ပေးလေ့ ရှိခဲ့တယ်၊ Limonene ဓာတ်တွေ ပျော်ဝင်နေတဲ့အထဲမှာ
တရုတ်နံနံ၊ ဖာလာ၊ ကရဝေးနှင့် စမုန်နက်တို့လည်း ပါဝင်နေပါတယ်။

( ၅ ) ကြက်သွန်ဖြူ နှင့် ကြက်သွန်နီAllium ကွန်ပေါင်းတွေ
ဖွဲ့စည်းတည်ရှိနေတဲ့အတွက်ကြောင်
့လည်း ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဟာ
စူးရှတဲ့ အနံ့အရသာပစ္စည်းအဖြစ်နဲ့ တည်ရှိခဲ့တာဟာ တမူထူးခြားနေခဲ့ပါတယ်၊
ကြက်သွန်ဖြူနီတို့ဟာ အင်ဇိုင်းတွေကို မြင့်တင်ပေးခဲ့တာနဲ့ အမျှပဲ
ကင်ဆာဖြစ်စေတဲ့ ကာစီနိုဂျင်တွေကို ချေဖျက်ပေးပါတယ်၊ ကြက်သွန်ဖြူ
ကြက်သွန်နီ တို့အပြင် ကြက်သွန်မြိတ်နဲ့ ဟင်းခတ်ကြက်သွန်မြိတ်တို့ကလည်း
ထက်မြက်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအဖြစ် တည်ရှိနေခဲ့ပါတယ်။

( ၆ ) စပျစ်သီး
စပျစ်သီးထဲမှာ ကင်ဆာတိုက်ဖျက်တဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးမယ့်
Ellagic အက်ဆစ်တွေနဲ့ ပြည့်သိပ်နေခဲ့ ပါတယ်၊ ပန်းသီး၊ စတော်ဘယ်ရီသီးနှင့်
ရတ်စဘယ်ရီသီးတို့ထဲမှာလည်း အသုံးဝင်လှမယ့် အက်ဆစ်တွေ ပျော်ဝင်နေပါတယ်၊
Phenol လို ဓာတ်တိုးဆန့်ကျင်မှု သဘာဝဆောင်ယူရာ လူတွေအတွက် အလွန်အဖိုးတန်
လှမယ့်ဓာတ်တွေ စပျစ်သီးထဲမှာ ပြည့်ဝနေတာကြောင့်လည်း လူကိုဒုက္ခပေးမယ့်
သွေးခဲမှုတွေကို အရည်ဖျော်ချ စေနိုင်ခဲ့ပါတယ်၊ အထူးသဖြင့်
အဆိုးကိုလက်စထရော (LDL)တွေကို ဖြစ်ပါတယ်။

( ၇ ) ဖရဲသီ၊ သခွားသီး
ကင်ဆာကို ကာကွယ်နိုင်မယ့် အသီးအနှံတွေကို လေ့လာခဲ့ရာမှာ ဟင်းသီး
ဟင်းရွက်စိမ်းတို့လို ထက်မြက်တဲ့ ဖရဲသီးတို့ သခွားသီးတို့ကိုပါ
မြင်တွေ့ခဲ့ပါတယ်၊ ဖရဲသီး၊ သခွားသီးတို့ထဲမှာ ပြည့်ဝတဲ့ဓာတ်ကတော့
Carotenoids နှင့် Cantaloupes တို့ ဖြစ်ကြပါတယ်၊ ကင်ဆာကို
တိုက်ခိုက်နိုင်တဲ့ ဓာတ်သဘာဝ ကွန်ပေါင်းတွေ ဖြစ်ကြပါတယ်၊
တရုတ်ပြည်မှာတော့ ကတိုးသခွားဟာ အသည်းရောင် ရောဂါ၊ ကင်ဆာနှင့်
မိန်းမသားတွေ ဓမ္မတာထိန်းညှိဖို့ရာ ကိစ္စတွေမှာ အသုံးချရမယ့်
ဆေးဖက်ဝင်ပစ္စည်းတခု ဖြစ်နေပါတယ်၊ ကြက်သွန်နီ ကြက်သွန်ြေူနဲ့
ဂျင်းတို့လိုပဲ Adenosine ခေါ် သွေးခဲမှုကို အရည်ပျော်စေတဲ့ သဘာဝကောင်းတွေ
ပါဝင်နေတာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ကုစားရာမှာပါ
ဆက်စပ်သုံးစွဲခဲ့ပါတယ်။

( ၈ ) ပဲပိစပ်
ကင်ဆာဆဲလ်တွေ မျိုးပွားအောင် ပံ့ပိုးနေတဲ့ သွေးတွေကို ဖြတ်တောက်ပေးရာမှာ
ပဲပိစပ်ဟာ အသုံးဝင်တဲ့ပစ္စည်း တခုလို ဖြစ်နေခဲ့ပါတယ်၊ ပဲပိစပ်ပဲတို့ထဲမှာ
Genistien ဓာတ်သဘာဝတွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့်လည်း
ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ရာမှာ ထူးထူးခြားခြား အသုံးဝင်နေပါတယ်၊
ပဲပိစပ်ဟာ အမျိုးသမီးတွေ မတော်တဆ ကြုံဆုံလာနိုင်တတ်မယ့် ရင်သားကင်ဆာနှင့်
သားအိမ်ကင်ဆာတို့ကို စွန့်စားမှုကြီးမဖြစ်စေအောင် ဖြေလျှော့ပေးတတ်ပါမယ်၊
Genistien ဓာတ်ဟာ အမျိုးသမီးတွေကို အကျိုးပြုတဲ့ ကိုယ်ခန္ဓာထဲက ထုတ်လုပ်ရာ
အီစထရိုဂျင် ဓာတ်သဘာဝတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်၊ ပဲပိစပ်ကို
အဲဒီဟော်မုန်းအဖြစ် ပြောင်းလဲရယူနိုင် ပါမယ်၊ တိုဟူး၊ ပဲကျပ်ပျဉ်၊ ပဲနို့
စသည်တို့ထဲမှာ Genistien ဓာတ် အပြည့်အ၀ ပါရှိပါတယ်၊ မြေပဲ၊
လူဆန်ပဲပင်နှင့် ဒေါက်ခွရွက်တို့ထဲမှာလည်း အဲဒီဓာတ်သဘာဝတွေ တည်ရှိပါတယ်။

( ၉ ) လက်ဖက်
လက်ဖက်ရွက်၊ အထူးသဖြင့် ဂရင်းတီး လက်ဖက်ထဲမှာ လူကိုအကျိုးပြုရာ
ရောဂါတိုက်ဖျက်ပြီး ကျန်းမာမှုတိုးမြှင့် စေမယ့် Polyphenols ဓာတ်တွေ
ပါဝင်နေပါတယ်၊ အကယ်၍ ပုံမှန်ဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ် ကူးပြောင်းပြီး
ဆက်လက်ပွားတိုးလာတော့မယ့် အခါတွေမှာ Catechin ခေါ် ပိုလီဖီနောလ် ဓာတ်သဘာဝ
တွေကပဲ မပြန့်ပွားအောင် တားဆီးကာကွယ်ပေးတတ်ပါတယ်၊ ကင်ဆာအဖြစ်
ဖွဲ့စည်းပေးတော့မယ့် ကာစီနိုဂျင် တွေကိုလည်း တိုက်ထုတ်ပေးခဲ့ပါတယ်၊
ဂရင်းတီးကို သောက်စရာအအေးအဖြစ် ဖန်တီးသောက်ခဲ့ရင် အာနိသင်
ပိုထက်မြက်နိုင်ပါမယ်။

( ၁၀ ) ခရမ်းချဉ်သီး
လူကို ရောဂါတိုးပွားအောင် ဖန်တီးနေမယ့် ပိုယ်ထဲက ဖရီးရယ်ဒီကယ်
အညစ်တွေကို ဖယ်ရှားပေးနိုင်မယ့် ဗီတာမင်စီဓာတ်ဟာ ခရမ်းချဉ်သီးထဲမှာ
အများဆုံး ပျော်ဝင်နေတတ်ပါမယ်၊ ဗီတာမင်စီဟာ အသီးအရွက် အတော်များများမှာ
ပါဝင်နေပေမယ့် ခရမ်းချဉ်သီးမှာ ထူးခြားတာတခုက Lycopene အဖြစ်
ပါဝင်တာဖြစ်တယ်၊ ကင်ဆာဖြစ်စေတဲ့ နိုက်ထရစ်အက်ဆစ်တွေကို ဖယ်ရှားစေမယ့်
Pcoumaslic အက်ဆစ်နှင့် Chlorogenic အက်ဆစ်တို့လည်း ခရမ်းချဉ်သီး
နီနီထဲမှာ ပြည့်ဝစွာတည်ရှိနေပါတယ်၊ အလားတူ အဲဒီသဘာဝတွေကို ဖရဲသီး၊
စတော်ဘယ်ရီနဲ့ မုန်လာဥ၀ါ တို့ထဲမှာလည်း တွေ့နိုင်ကြောင်း
တင်ပြလိုက်ပါတယ်။

မဟာဘုတ်ပညာ၊ ပက္ခတ် နဲ့ အိမ်ထောင်ရေး

ကမ္ဘာပေါ်မှာ တရုတ်လူမျိုး တွေနဲ့ အိန္ဒိယလူမျိုး (ဟိန္ဒူ)တွေဟာ အိမ်ထောင်ကွဲမှု အနည်းဆုံး ဘဲတဲ့။ (ဟို တုန်းကပါ၊ လွန်ခဲ့တဲ့ အနှစ် (၅ဝ) ဟိုဘက်လောက်ကပါ) အခုတော့ သူတို့လည်း ကမ္ဘာနဲ့အမှီ ရင်ဘောင်တန်း လာကြပါပြီ။ အိမ်ထောင် ကွဲမှု တွေများလာကြပါပြီ။
ဟိုတုန်းက ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး ဖြစ်တဲ့ လူမျိုးကြီး (၂) ခုမှာ အိမ်ထောင်ကွဲမှု ဘာကြောင့် ဒီလောက် နည်းရတာလည်းဆိုတာကို လေ့လာကြည့်တော့ သူတို့ လူမျိုးတွေမှာ အိမ်ထောင် ပြုပြီဆိုရင် “သေတပန် သက်တဆုံး” ပေါင်းသင်း သွားကြ ရမယ်ဆိုတဲ့ အသိတရားကို ကိုယ့်လူမျိုးရဲ့ ဓလေ့ထုံးတမ်း တစ်ခုအဖြစ် နက်နက်ရှိုင်းရှိုင်း ခံယူခဲ့ ကြတာက အဓိကကျတဲ့ အကြောင်းဖြစ်မယ် ထင်ပါတယ်။
ဒီထက်ပိုပြီး နောက်ကွယ်ကနေ အဓိကကျတဲ့ အကြောင်းတစ်ခုကလည်း ရှိပါသေးတယ်။ အဲဒါကတော့ သူတို့ လူမျိုးကြီး (၂) မျိုးဟာ အိမ်ထောင်ပြုတဲ့ နေရာမှာ ယောင်္ကျားလေးနဲ့ မိန်းကလေး ဇာတာခြင်း တိုင်ဆိုင်ကြည့်ပြီး “တည့်တယ်” ဆိုမှ အိမ်ထောင်ချ ပေးလေ့ရှိကြတာ အတော်များပါတယ်။ တရုတ်လူမျိုးတွေဆိုရင် သူတို့မွေးဖွားတဲ့နှစ် အပေါ်မှာ မူတည်ပြီး ကျားနှစ်၊ နွားနှစ်၊ နဂါးနှစ်၊ မြွေနှစ်၊ ဆိတ်နှစ် စသည်ဖြင့် ရှိကြပါတယ်။
မြန်မာလူမျိုးတွေ ကိုယ့်ကိုယ်ကို ငါဘာနေ့သားလဲဆိုတာ မြန်မာတိုင်း သိကြသလို၊ တရုတ်လူမျိုးတွေဟာလည်း ငါ ဘာအကောင်ဖွားဆိုတာ တရုတ်တိုင်း သိကြပါတယ်။ တရုတ်လူမျိုးတွေဟာ ကိုယ့်သားသမီးကို အိမ်ထောင်ချ ပေးတော့မယ်ဆိုတာနဲ့ တစ်ဖက်က ယောင်္ကျား လေး(သို့) မိန်းကလေးဟာ ဘာအကောင်ဖွားလည်း ဆိုတာကို အရင်ဆုံး လေ့လာကြပါတယ်။ အကောင်ခြင်းမတည့်လို့ ကတော့ ပေးစားတယ်ဆိုတာ ဟိုဘက်ခေတ် တွေတုန်းက မရှိသလောက် ပါဘဲ။ အနည်းဆုံး တရုပ်မိဘ (၉ဝ) % လောက် ကတော့ မိန်းကလေးနဲ့ ယောင်္ကျားလေး အကောင်ခြင်းတည့်/မတည့် မှုအပေါ်မှာ မူတည်ပြီး အိမ်ထောင်ချပေးလေ့ရှိကြပါတယ်။
အိန္ဒိယလူမျိုးကျပြန်တော့လည်း ဗေဒင်နက္ခတ်ပညာ အလွန်ထွန်းကားတဲ့ နိုင်ငံဖြစ်လို့ လူတိုင်းဟာ မွေးဖွား လာကြတာနဲ့ ဇာတာတစ်စောင်စီတော့ ရှိကြပါတယ်။ အိမ်ထောင်ပြု ကြတော့မယ်ဆိုတာနဲ့ ဗေဒင်ဆရာဆီကို သွားပြီး သတို့သား လောင်း နဲ့ သတို့ သမီးလောင်း တို့ ဇာတာခြင်း တိုက်ကြည့် ကြပါတော့မယ်။ အိန္ဒိယလူမျိုးတွေ အဓိက သုံးကြတာတော့ “စန်းယှဉ်နက္ခတ်” ကို အသုံးများပါတယ်။ မြန်မာနိုင်ငံမှာတော့ “လူနက္ခတ်၊ နတ်နက္ခတ်၊ ဘီလူးနက္ခတ်” ဆိုပြီး လူသိများပါတယ်။ များသောအားဖြင့် နက္ခတ်ခြင်း သင့်မြတ်ရင်ပေးစားလိုက်ကြတာများပေမယ့် အချို့အလွန်အမင်း အယူသည်းတဲ့ လူစားမျိုးကျ ပြန်တော့လည်း ဇာတာနှစ်ခုလုံးမှာ အိမ်ထောင်သာယာချမ်းမြေ့မှု၊ စီးပွားရေး ကံကောင်း/မကောင်း၊ အိုမင်းသည်အထိ ပေါင်းဖက်နိုင်မှုရှိ/မရှိက အစ အသေးစိတ်လေ့လာခိုင်းပြီး စိတ်တိုင်းကျမှ ပေးစားကြပါတယ်။
မြန်မာလူမျိုးတွေမှာကော ကိုယ်ပိုင်နည်းစနစ်ရယ်လို့ ရှိပါသလား။ ရှိရင်ကော ယုံကြည်လိုက်နာမှု ရှိပါရဲ့လား။ ကျွန်တော်လေ့လာကြည့်ပါတယ်။ မြန်မာလူမျိုးတွေမှာ ကိုယ်ပိုင် နည်းစနစ်ဆိုတာ ရှိပါတယ်။ ဒါပေမယ့် ယုံကြည်မှုနဲ့ လိုက်နာမှုကတော့ အလွန်နည်းပါတယ်။ ဒါဆိုရင် မြန်မာလူမျိုးတွေက ဗေဒင်ပညာကို ယုံကြည်မှု နည်းကြ လို့လားလို့ မေးခွန်းထုတ်လေ့လာကြည့်တော့လည်း ဗေဒင်ပညာအပေါ်မှာ ယုံကြည်မှုတော့ တစ်ခြားလူမျိုး ထက်စာရင် မနည်းလှပါဘူး ။ ဒါပေမယ့် အိမ်ထောင်ချမယ် ဆိုရင် ဇာတာခြင်း တိုက်ဆိုင်မှု ကတော့ မြန်မာလူမျိုးတွေမှာ အင်မတန်နည်းပါတယ်။
လူနက္ခတ်၊ နတ်နက္ခတ်၊ ဘီလူးနက္ခတ် နဲ့ရွေးတာဟာ မြန်မာ့မူ အစစ်မဟုတ်ပါဘူး။ အိန္ဒိယနည်းစနစ်ပါ။ ဒီနည်းစနစ်မှာလည်း နက္ခတ်ယူဆပုံတွေမှာ မူကွဲတွေ ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့မြန်မာ့မူ ၊ မြန်မာနည်းစနစ် အစစ်ကတော့ “မဟာဘုတ်ပညာနဲ့ အိမ်ထောင်ဘက် ရွေးချယ်ခြင်း” ပါဘဲ။ မဟာဘုတ်ပညာကို ဗေဒင်အဟော ပိုင်းပညာမှာ သာ အသုံးပြုပြီး အိမ်ထောင်ဘက်ရွေးချယ်မှုဘက်မှာတော့ မသုံးသလောက်ပါဘဲ။
တိမ်မြုတ်နေတဲ့ “မဟာဘုတ်နဲ့ အိမ်ထောင်ရေးပညာ” ကို ဒီဘက်ခေတ်မှာ ပြန်လည် ဖော်ထုတ်ခဲ့သူကတော့ မြန်မာ့ရိုးရာဗေဒင်ပညာတွေနဲ့ ပတ်သက်လာရင် ကျေးဇူးအများဆုံးလို့ ဆိုရမယ့် “ဆရာဒဂုန်” ခေါ် “ဒေါက်တာဒဂုန်” ပါဘဲ။ သူဟာ တိမ်မြုတ်ပျောက်ကွယ်နေတဲ့ မြန်မာ့နည်း၊ မြန်မာ့ပညာတွေကို အများဆုံး ဖော်ထုတ်ခဲ့တဲ့ သူတစ်ဦးပါ။
ကျွန်တော်တို့တစ်တွေကတော့ သူဖေါ်ထုတ်ခဲ့တဲ့ ပညာရပ်တွေအပေါ်မှာ ပြန်လည် ဆင့်ပွားပြီး သုတေသနပြု ချဲ့ထွင်ရပါတယ်။ ကျွန်တော်ဟာ အိမ်ထောင်ရေး နဲ့ မဟာဘုတ်ပညာကို ဆရာဒဂုန် ဖော်ထုတ်ရေးသားမှုအပေါ်မှာ ပြန်လည် တိုးချဲ့လေ့လာ ကြည့်တဲ့အခါမှာ မဟာဘုတ်ဟာ အိမ်ထောင်ရေးမှာ တော်တော်လေးကို အရေးပါပြီး မှန်ကန်မှုများတဲ့ နည်းစနစ်ဖြစ်နေတာကို တွေ့ရပါတယ်။ တစ်ချိန်တုန်းကတော့ K.P စာအုပ်တွေကို လက်မှာကိုင်ပြီး “မဟာဘုတ်၊ မဟုတ်ပါ” လို့ ရှုတ်ချ ပြောဆိုခဲ့တဲ့ကျွန်တော်ဟာ အခုအချိန်မှာတော့ မဟာဘုတ်ကို လေးလေးစားစား လေ့လာ နေရပါပြီ။ နိဒါန်းတွေက အတော်ရှည်လျားသွားပြီ ထင်ပါတယ်။ ကဲ - မဟာဘုတ်နဲ့ အိမ်ထောင်ရေးအကြောင်းကို စလိုက်ကြ စို့ရဲ့။
ကျွန်တော့်ရဲ့ ရှေ့က ဆောင်းပါးတွေမှာ ကိုယ့်ရဲ့ မဟာဘုတ်အဖွားတွေကို ကိုယ်တိုင်တွက်ယူတဲ့ နည်းတွေကို ဖော်ပြခဲ့ပါပြီ။ “ပုတိ၊ ဘင်္ဂ၊ မရဏ” ဆောင်းပါးတွေမှာ ဖတ်ကြည့်ပါ။ ကိုယ့်ရဲ့ မဟာဘုတ်ခွင်ကို ရပြီဆိုရင် မဟာဘုတ်ခွင်မှာ ရှိတဲ့ ပုတိ၊ ဘင်္ဂ၊ မရဏ နဲ့ အဓိပတိ ဆိုတဲ့ နေ့သားတွေဟာ ရှောင်ရမယ့် နေ့သားတွေပါ။ ဥပမာ (၁)ကြွင်းသမား တစ်ဦးဟာ ကိုယ့် မဟာဘုတ်ခွင်မှာ “ပုတိ၊ ဘင်္ဂ၊ မရဏ နဲ့ အဓိပတိ” ကျနေတဲ့ နေ့သားတွေဖြစ်တဲ့ တနင်္လာသားသမီး၊ တနင်္ဂနွေသားသမီး၊ ဗုဒ္ဓဟူး နဲ့ ကြာသပတေး သားသမီးတွေနဲ့ လက်ထပ်မယ်ဆိုရင် အိမ်ထောင်ရေး အဆင်မပြေ ဖြစ်တတ်ပါတယ်။ အိမ်ထောင်မမြဲ ဖြစ်တတ်ပါတယ်။ သာယာချမ်းမြေ့မှု နည်းတတ်ပါတယ်။
အကြမ်းအားဖြင့် ပြောရရင်တော့ “ပုတိသားသမီး” ဆိုရင် သဝန်အလွန်တိုတတ်ပါတယ်။ ကိုယ့် မိဘဆွေမျိုး တွေနဲ့ မဆင်မပြေ တတ်ပါဘူး။ သူလုပ်ချင်ရာလုပ်တဲ့ လူစားမျိုးပါ။ အိမ်ထောင်ဘက်နဲ့ ညှိနှိုင်းလို့ မရတတ်ပါဘူး။ “ဘင်္ဂသားသမီး” ဆိုရင်တော့ အိမ်ထောင် ပြုပြီးတာနဲ့ ငါအိမ်ထောင်ပြုတာ မှားသွားပြီလို့ နောင်တရစေမယ့် အိမ်ထောင်ဘက်မျိုး ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ငရဲကျတာနဲ့ တူတဲ့ အိမ်ထောင်ရေးမျိုးလို့ ဆိုပါတယ်။
“မရဏသားသမီး” ဆိုရင်တော့ ဆတ်ဆတ်ထိ မခံဘဲ ဘာမဟုတ်တာ လေးနဲ့ ပြဿနာဖြစ်တတ်တဲ့ အိမ်ထောင်ရေးမျိုးဖြစ်မယ်လို့ ဆိုပါတယ်။ ယောင်္ကျားဆိုရင် အလွန်ဒေါသ ကြီးတတ်ပြီး မိန်းမဆိုရင်တော့ အမြဲတန်း စိတ်ကောက် နေတတ်မယ်တဲ့။ ဒါပေမယ့် ကိုယ့်အိမ်ထောင်ဘက် အပေါ်မှာတော့ အမှန်တကယ် ချစ်မြတ်နိုးကြ သူများ ဖြစ်ပါတယ်တဲ့။ သိပ်မဆိုးလှဘူးပေါ့။ လေ့လာမိသလောက် ပြောရရင် ကိုယ့်မဟာဘုတ်ထဲက မရဏနေ့ သားသမီးများဟာ ထင်သလောက် မဆိုးကြပါဘူး။ အိမ်ထောင် မြဲတတ်ကြပါတယ်။ ဒါပေမယ့် ခဏခဏ ကတောက်ကဆဖြစ်တတ်တယ်။
“အဓိပတိသားသမီး” ဆိုရင်တော့ ကိုယ့်အပေါ်မှာ အနိုင်ယူတတ်တဲ့၊ မလေးစားတဲ့ အိမ်ထောင်ဘက်မျိုးဖြစ်တတ် တယ်လို့ ဆိုပါတယ်။ နောက်ဆုံး ကိုယ်ဟာ သူ့သြဇာခံသာ ဖြစ်သွားတတ်ပါတယ်တဲ့။ လုပ်ချင်တာလုပ်တာကို ထိုင်ကြည့် နေရတဲ့ အဖြစ်မျိုး ရောက်ရ တတ်တယ်ဆိုပါတယ်။
ဒါပေမယ့် ချွင်းချက်တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ ကိုယ့်ရဲ့မဟာဘုတ်မှာ ကိုယ်ကိုယ်တိုင်ကလည်း ပုတိ၊ ဘင်္ဂ၊ မရဏ နေ့သားသမီး ဖြစ်နေပြီး အိမ်ထောင်ဘက် နေ့နံကလည်း(ကိုယ့်မဟာဘုတ်ထဲမှာ) ပုတိ၊ ဘင်္ဂ၊ မရဏ ဘဲဖြစ်နေရင်လည်း အိမ်ထောင်ပြုလို့ရတယ် လို့ ဆိုကြပါတယ်။ ဒါကို လက်တွေ့ သုတေသနပြုကြည့်တော့လည်း အမှန် များပါတယ်။ ဥပမာ- (၁)ကြွင်းဖွား မဟာဘုတ် ခွင်မှာ မွေးတဲ့ ဗုဒ္ဓဟူးသားသမီးဟာ ကိုယ်တိုင်က “မရဏ” သားသမီးဖြစ်လို့ သူ့မဟာဘုတ်ခွင်ထဲက တနင်္ဂနွေသားသမီး နဲ့ လက်ထပ်မယ်ဆိုရင် အိမ်ထောင်ရေးကံကောင်းပြီး အိမ်ထောင်မြဲတတ်ပါတယ်တဲ့။ (အထူးသဖြင့် နေ့သားသမီးအခြင်းခြင်း “ရန်ဘက်ကျ” နေရင် ပိုပြီးကောင်းတာကို တွေ့ရပါတယ်။ ရန်ဘက် ကျတယ်ဆိုတာ “ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ” ဆိုတဲ့ လင်္ကာအတိုင်း “စနေနဲ့ကြာသပတေး၊ သောကြာနဲ့ တနင်္လင်္ာ၊ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူး၊ ရာဟုနဲ့အင်္ဂါ” ဆိုတဲ့ နေ့သားသမီးခြင်းလည်းဖြစ်၊ မဟာဘုတ်မှာလည်း ပုတိ၊ဘင်္ဂ၊ မရဏဖြစ်ရင် အိမ်ထောင်ရေး ခိုင်မြဲတတ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် “ဘင်္ဂ” နဲ့ “ဘင်္ဂ” ခြင်းတော့ မရပါဘူး။ “ပက္ခတ်” မိတာကြောင့်ဖြစ်ပါတယ်။ “ပက္ခတ်” အကြောင်းကို ရှေ့မှာ ဆက်ဖတ်ကြည့်ပါ။
ကိုယ့်မဟာဘုတ်ခွင်ထဲက ကျန်တဲ့ “အထွန်း၊ သိုက် နဲ့ ရာဇ” ဖွားတွေကတော့ ယေဘူယျအားဖြင့် ကောင်းတယ် လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီထက်ပိုပြီး အရေးကြီးတဲ့ အကြောင်းတစ်ခု ရှိပါသေးတယ်။
အဲဒါကတော့ ကိုယ့်နဲ့ “ပက္ခတ်” ကျနေတဲ့ နေ့သားသမီးဆိုရင် ရှောင်ကျဉ်ရပါမယ်။ “ပက္ခတ်” ကျတာ နှစ်မျိုး နှစ်စား ရှိပါတယ်။

(၁) မိန်းကလေးတစ်ဦးနဲ့ ယောင်္ကျားလေးတစ်ဦးဟာ ဘာအကြွင်းတွေဘဲဖြစ်ဖြစ်၊ ဘာနေ့သားသမီး တွေဘဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက်ဟာ -
ကိုယ်ကလည်း “ဘင်္ဂဖွား” နဲ့ သူကလည်း “ဘင်္ဂဖွား” ခြင်းတူနေရင်
တစ်ယောက်က “မရဏဖွား” နဲ့ တစ်ယောက်က “အဓိပတိဖွား” ဖြစ်နေရင်
တစ်ယောက်က “အထွန်းဖွား” နဲ့ တစ်ယောက်က “ပုတိဖွား” ဖြစ်နေရင်
တစ်ယောက်က “သိုက်ဖွား” နဲ့ တစ်ယောက်က “ရာဇဖွား” ဖြစ်နေကြရင် တစ်ဦးနဲ့ တစ်ဦး မွေးနံခြင်း “ပက္ခတ်” ကျနေကြတဲ့အတွက် အိမ်ထောင် သာယာ ချမ်းမြေ့မှုကို နည်းပါးစေပြီး အဆင် မသင့်ရင် အိမ်ထောင်ကွဲပျက်တာအထိ ဖြစ်နိုင်ပါတယ်။
ဒီနေရာမှာ “ဥဿာ၊ စိန်ပန်း၊ ဒါန်းလှ၊ ကိုရှာ” ဆိုတဲ့ မိတ်ဘဲဖြစ်ဖြစ်၊ “အောင်ပ၊ ကုလား၊ ဆွေသား၊ တော်ရင်း” ဆိုတဲ့ မိတ်ဘဲဖြစ်ဖြစ်၊ ဖြစ်ချင်ရာဖြစ် အထောက်အကူမပေးနိုင်ပါဘူး။ “ပက္ခတ်” ဟာ အိမ်ထောင်ရေးမှာ အတော်လေး ဒုက္ခ ပေးနိုင်ပါတယ်။ အိမ်ထောင်ရေးမှ မဟုတ်ပါဘူး။ နာမည်မှည့်ခေါ်တဲ့ နေရာမှာလည်း “ပက္ခတ်” မိနေတဲ့ နာမည်တွေဟာ အိမ်ထောင်ရေးမှာ ဒုက္ခပေးတတ်ပါတယ်။
(၂) ကိုယ့်ရဲ့ မဟာဘုတ်မှာ ကိုယ့်ရဲ့ မွေးနံနဲ့ ပက္ခတ်ကျနေတဲ့ နေ့သားသမီးနဲ့ လက်ထပ်ရင်လည်း “ပက္ခတ်” မိတာပါဘဲ။
(၁)ကြွင်းဖွားမှာ-

= တနင်္ဂနွေ သားသမီး ဟာ တနင်္ဂနွေ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= တနင်္လာ သားသမီး ဟာ စနေသားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= အင်္ဂါ သားသမီး ဟာ သောကြာ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= ဗုဒ္ဓဟူး သားသမီးဟာ ကြာသပတေး သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ်မိ ပါတယ်။ ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန်ယူရပါမယ်။ ကြာသပတေးဆိုရင် ဗုဒ္ဓဟူးပေါ့။
(၂)ကြွင်းဖွားမှာ-

= တနင်္လာ သားသမီးဟာ တနင်္လာ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= အင်္ဂါ သားသမီးဟာ တနင်္ဂနွေသားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= ဗုဒ္ဓဟူး သားသမီးဟာ စနေ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= ကြာသပတေးသားသမီးဟာ သောကြာသားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ်မိပါတယ်။ ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန် ယူရပါမယ်။ သောကြာ ဆိုရင် ကြာသပတေးပေါ့။
(၃)ကြွင်းဖွားမှာ-

= အင်္ဂါ သားသမီးဟာ အင်္ဂါ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= ဗုဒ္ဓဟူး သားသမီးဟာ တနင်္လာသားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= ကြာသပတေး သားသမီးဟာ တနင်္ဂနွေ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= သောကြာ သားသမီးဟာ စနေ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ်မိပါတယ်။
ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန်ယူရပါမယ်။ စနေ ဆိုရင် သောကြာပေါ့။
(၄)ကြွင်းဖွားမှာ-

= ဗုဒ္ဓဟူး သားသမီးဟာ ဗုဒ္ဓဟူး သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= ကြာသပတေး သားသမီးဟာ အင်္ဂါသားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= သောကြာ သားသမီးဟာ တနင်္လာ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= စနေ သားသမီးဟာ တနင်္ဂနွေ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ်မိပါတယ်။
ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန်ယူရပါမယ်။ တနင်္ဂနွေ ဆိုရင် စနေပေါ့။
(၅)ကြွင်းဖွားမှာ-

= ကြာသပတေး သားသမီးဟာ ကြာသပတေး သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= သောကြာ သားသမီးဟာ ဗုဒ္ဓဟူးသားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= စနေ သားသမီးဟာ အင်္ဂါ သားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= တနင်္ဂနွေ သားသမီးဟာ တနင်္လာ သားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ် မိပါတယ်။ ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန်ယူရပါမယ်။ တနင်္လာ ဆိုရင် တနင်္ဂနွေပေါ့။
(၆)ကြွင်းဖွားမှာ-

= သောကြာ သားသမီးဟာ သောကြာ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= စနေ သားသမီးဟာ ကြာသပတေးသားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= တနင်္ဂနွေ သားသမီးဟာ ဗုဒ္ဓဟူး သားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= တနင်္လာ သားသမီးဟာ အင်္ဂါ သားသမီး နဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ်မိပါတယ်။
ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန်ယူရပါမယ်။ အင်္ဂါ ဆိုရင် တနင်္လာပေါ့။
(ဝ)ကြွင်းဖွားမှာ-

= စနေ သားသမီးဟာ စနေ သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ဘင်္ဂ x ဘင်္ဂ) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= တနင်္ဂနွေ သားသမီးဟာ သောကြာသားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ပုတိ x အထွန်း) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= တနင်္လာ သားသမီးဟာ ကြာသပတေး သားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (ရာဇ x သိုက်) ဖြစ်လို့ ပက္ခတ်မိပါတယ်။
= အင်္ဂါ သားသမီးဟာ ဗုဒ္ဓဟူးသားသမီးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် (မရဏ x အဓိပတိ) ဖြစ်လို့ ပက္ခတ်မိပါတယ်။
ကျန်နေ့သားသမီးတွေအတွက်လည်း အပြန်အလှန်ယူရပါမယ်။ ဗုဒ္ဓဟူး ဆိုရင် အင်္ဂါပေါ့။
ကိုယ့်ရဲ့ မဟာဘုတ် ခွင်ကို ချကြည့်ပြီး ကိုယ့်နေ့နံ နဲ့ သူနေ့နံ ဟာ (ဘင်္ဂ x ဘင်္ဂ) , (ပုတိ x အထွန်း) , (ရာဇ x သိုက်) , (မရဏ x အဓိပတိ) အနေအထားဖြစ်မဖြစ်ကို ကြည့်တာကတော့ သိပ်အခက်အခဲ မရှိလောက်ဘူး ထင်ပါတယ်။ လုပ်ကြည့်ပါ။ ကိုယ့်ရဲ့ မဟာဘုတ် မှာရော၊ သူရဲ့ မဟာဘုတ်မှာပါ “ပက္ခတ်” အနေအထားတွေဖြစ်နေရင် ပိုအားကောင်းပါတယ်။ အားပိုပြင်းပါတယ်။ ကိုယ်တိုင် လုပ်ကြည့်လို့ မရှင်းရင် Comment ထဲမှာ ဝင်မေးပါ။ ဖြေပေးပါမယ်။
နောက်ဆုံးတစ်ခု အိမ်ထောင်ရေး အဆင်မပြေဖြစ်စေတဲ့ အကြောင်းကတော့ “ အင်္ဂါဂြိုဟ် နဲ့ အိမ်ထောင်ရေး” ဆောင်းပါးမှာ ပါတဲ့ ယောင်္ကျားလေးရဲ့ မဟာဘုတ်က သောကြာ (သို့) အင်္ဂါ နဲ့ မိန်းကလေးရဲ့ မဟာဘုတ်က အင်္ဂါ (သို့) သောကြာနဲ့ ထပ်တဲ့သူနှစ်ဦး လက်ထပ်ကြမယ်ဆိုရင် အင်္ဂါဒေါသ သင့်ပြီး အိမ်ထောင်ရေးကံ မကောင်းတတ်ပါ။ အိမ်ထောင်ကွဲတတ်ပါတယ်။ ဒီအကြောင်း ကို သိချင်ရင် အဲဒီဆောင်းပါးကို ပြန်ဖတ်ကြည့်ပါ။
နောက်ဆုံးပြောချင်တာကတော့ မဟာဘုတ်ပညာဟာ လွယ်ကူတယ်၊ ရိုးရှင်းတယ်၊ အထင်ကြီး စရာ မရှိဘူး။ ဒါပေမယ့် နက်နက်နဲနဲလေ့လာကြည့်ရင် အမှန်များတယ်။ မြန်မာ့ ရိုးရာ ပညာစစ်စစ်ဖြစ်လို့ တန်ဖိုးလည်းထားသင့်ပါတယ်။ ဒီ မဟာဘုတ် နဲ့ အိမ်ထောင်ရေး ဆောင်းပါးဟာ အိမ်ထောင်ကွဲသူ၊ အိမ်ထောင်ရေး အဆင်အပြေသူများစွာကို လေ့လာ ကြည့်ပြီးမှ ရေးတာဖြစ်လို့ အိမ်ထောင်ပြုတဲ့နေရာမှာ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ဒီနည်းစနစ်ကလေးနဲ့ ရွေးချယ် ကြည့်မယ် ဆိုရင် အိမ်ထောင်သာယာရေးကို အထောက်အကူ များစွာဖြစ်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေ

ပုတိ , ဘင်္ဂ , မရဏ (၂)

ပုတိ , ဘင်္ဂ , မရဏ ဆိုတာ မဟာဘုတ်ခွင်မှာ အောက်တန်းဖွားတွေလို့ ခေါ်ပါတယ်။ တနည်းအားဖြင့် အနိဋ္ဌ ခွင်ဖွား တွေလို့လည်း ဆိုကြပါတယ်။ ဒါကြောင့် ပုတိ , ဘင်္ဂ , မရဏ အဖွားတွေဟာ လူခြင်းယှဉ်ရင် တပန်းရှုံးသလိုဖြစ်နေပါတယ်။ ဗေဒင်ပညာ မတောက်တခေါက် လေ့လာဖူးတဲ့သူဆိုရင် ပုတိ , ဘင်္ဂ , မရဏ ဆိုရင် အညံ့ဖွားဘဲ။ “ပုတိ သဘောမကျော်စော၊ နှမြောတွန့်တို ရှိလှ၏” ဆိုတာမျိုး၊ “မရဏဖွားဆိုရင် မွေးစမှာ ချုချာပြီး သေရင်သေ၊ မသေရင်ကောင်းစားမယ်” တဲ့။ “ဘင်္ဂ” ဆိုရင် မိဘတွေနဲ့ သေကွဲရှင်ကွဲ ကွဲရတတ်တယ်ဆိုတာမျိုးက တဖုံ အမျိုးမျိုးပြောနေကြတာပါဘဲ။

စာရေးသူကတော့ ဘာဘဲဖြစ်ဖြစ် လက်တွေ့သုတေသနပြုရမှ ကျေနပ်အားရတဲ့သူမို့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၂ဝ)လောက် ကတည်းက ပုတိ , ဘင်္ဂ , မရဏ ဖွားတွေနဲ့ ကျန်အဖွားတွေနဲ့ ကွာခြားမှုကို လေ့လာကြည့်တယ်။ မြန်မာနိုင်ငံသာမက ကမ္ဘာပေါ်မှာ ထင်ပေါ်ကျော်ကြားသူတွေရဲ့ မွေးသက္ကရာဇ်တွေကိုပါ ရှာဖွေပြီး လေ့လာကြည့်တယ်။
အဲဒီမှာ ဘာသွားတွေ့တုန်းဆိုတော့ ပုတိ , ဘင်္ဂ , မရဏ ဖွားတွေဟာ အထက်တန်းဖွားလို့ခေါ်တဲ့ အထွန်း , သိုက် , ရာဇ နဲ့ အဓိပတိတို့ထက် ပိုပြီး ညံ့ပါတယ်ဆိုတဲ့ အချက်ဟာ လုံးဝမှားယွင်းပါတယ်။ ရာခိုင်နှုံးအရ ပြောရရင် ပုတိ , ဘင်္ဂ , မရဏ ဆိုတဲ့ အောက်တန်းဖွားတွေနဲ့ အထွန်း , သိုက် , ရာဇ နဲ့ အဓိပတိ ဆိုတဲ့ အထက်တန်းဖွားတွေရဲ့ အောင်မြင်မှု ကျော်ကြားမှုတွေဟာ (၅ဝ%=၅ဝ%) စီလောက်ပါဘဲ။ အထက်တန်းဖွားတွေက ပိုထူးချွန်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။
ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ပုတိ , ဘင်္ဂ , မရဏ ဖွားတွေဟာ အထက်တန်းဖွားတွေနဲ့ အောင်မြင်တာခြင်းတူရင် သူတို့က ပိုကြိုးစားရတယ်။ ပိုအခက်အခဲများတယ်။ လောကဓံတရား ပိုများတတ်တယ်။ ဒါပေမယ့် အောင်မြင်စရာရှိရင်လည်း အထက်တန်းဖွားတွေ လိုက်မမှီအောင် အောင်မြင်ကျော်ကြား တတ်ပါတယ်။ ဒါကြောင့် ” ပုတိသဘော မကျော်စော၊ ကျော်စော ပုတိ တုမရှိ” လို့လည်း ဆိုရိုးစကားဖြစ်လာတာဖြစ်ပါတယ်။
ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ဆရာသခင်ဖြစ်တော်မူတဲ့ “ဗုဒ္ဓ” ရှင်တော်မြတ်ဟာ တခြားအဖွား ဟုတ်ပါရိုးလား။ “ပုတိ” ဖွားဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ ကမ္ဘာထိအောင် ကျော်ကြားခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် “ဦးသန့်” ကတော့ “မရဏ” ဖွားပါ။ မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအသီးသီးက ပုတိ , ဘင်္ဂ , မရဏ ဖွားဖြစ်ပြီး ထင်ပေါ်ကျော်ကြားသူတွေရဲ့ စာရင်းအချို့ကို လေ့လာကြည့်ပါ။
ပုတိဖွား ဘင်္ဂဖွား မရဏဖွား
ဗုဒ္ဓဘုရားရှင် အိန္ဒိယ ဝန်ကြီးချုပ် ဂျဝါဟာလာ နေရူး ဦးသန့်(ကုလ အတွင်းရေးမှူးချူပ်)
ပြင်သစ်သမ္မတ ချားလ် ဒီဂေါ ဖလော့ရင့်စ် နိုက်တင်ဂေး ဂျိုးဇက် ပူလစ်ဇာ
မင်းသားကြီး မာလွန်ဘရန်ဒို စပိန်အာဏာရှင် ဖရန်စစ် ဖရန်ကို ဟောလီးဝုဒ် မင်းသမီးကြီး ဗီဗီယံလေး အော်စကာ(၂)ဆုပိုင်ရှင်
ဂျော့ဝါရှင်တန် (အမေရိကန် နိုင်ငံ ပထမဆုံး သမ္မတကြီး) ယူရီ အန်ဒရိုပေါ့(K.G.B ) တည်ထောင်သူ ဟန်နရီ ဖောင်ဒါ (ဟောလီးဝုဒ် မင်းသားကြီး)
ဂျိုဒီဖော်စတာ (အော်စကာ(၂)ဆုပိုင်ရှင်) ဂျေ အက်ဒဂါ ဟူးဗား(F.B.I) တည်ထောင်သူ လီယိုနစ် ဘရက်ဇညက် (ဆိုဗီယက် ခေါင်းဆောင်)
မာကိုနီ (ရေဒီယို တီထွင်သူ) ဒါရိုက်တာ ဟစ်ခ်ျကော့ သမ္မတ ဘီလ်ကလင်တန်
ဟိန်းနရစ် ဟာ့ဇ် (သိပ္ပံပညာရှင်) မိုက်ကယ် ဂျော်ဒန် (ဘတ်စကတ်ဘော) အင်္ဂလန် ဂျော့ဘုရင် နံပါတ် (၆)
မဒမ် မာရီကြူရီ (သိပ္ပံပညာရှင်) ဆိုဗီယက် ခေါင်းဆောင် ကရူးရှက်ဗ် ဂျော်ဒန်ဘုရင် ဟူစိန်
သောမတ် အက်ဒီဆင် (တီထွင်သူ နှင့် သိပ္ပံပညာရှင်) ဘရစ်ဂျစ် ဖောင်ဒါ (ဟောလီးဝုဒ် သရုပ် ဆောင်) အီရန်ဘာသာရေးခေါင်းဆောင် အရာတိုလာ ခိုမေနီ
သန်းကြွယ်သူဌေးကြီး ဟောင်းဝပ်ဟူး ဘရုစ်ဝီလီ (ဟောလီးဝုဒ် သရုပ်ဆောင်) ကတ်ပလာ /သင်္ချာ နှင့် နက္ခတ်ပညာရှင်
နက္ခတ်ပညာရှင် တွမ်ဘော့ ကင်မရွန်းဒဇ်(ဟောလီးဝုဒ်သရုပ်ဆောင်) မာရီယာ ရှာရာပိုဗာ (တင်းနစ်,မော်ဒယ်)
ပီးယားစ် ဘရော့စ်နန် (ဂျိမ်းစ်ဘွန်း) စင်ဒီ လော့ပါး မက်ဒေါနား (အဆိုတော်)
သူဌေးကြီး ဆမ် ဝေါ်လ်တန်(Wal-Mart) ဆူပါမားကတ်များ ပိုင်ရှင် အီမန်နျူယယ်အဒီဘာရော (အာစင်နယ် တိုက်စစ်မှူး) တိုက်ဂါး ဝုဒ် (ဂေါ့ဖ် ချန်ပီယံ)
ဆလိုင်း ဒီယွန် (အဆိုတော်) မိုက်ကယ်ဘောလက် (ချယ်ဆီး တိုက်စစ်မှူး) ချောင်ယွန်ဖတ် (ဟောင်ကောင်မင်းသား)
ကလော်ဒီရာ ရှက်ဖာ (မော်ဒယ်) ဟယ်ရစ်ဆင် ဖို့ဒ် (ဟောလီးဝုဒ် မင်းသားကြီး) ဂျွန်တယ်ရီ (ချယ်ဆီး ကပ္ပတိန်)
ကွန်ဒီလီဇာ ရိုက်စ် (အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး) တွမ် ဟန့်စ် (ဟောလီးဝုဒ် မင်းသား) ရှက်ဗ်ချင်ကို (အေစီမီလန်ဘောသမား)
ရော်ဂျာဖက်ဒရာ (တင်းနစ်ချန်ပီယံ) ဒန်မီ မိုးရ် (ဟောလီးဝုဒ် မင်းသမီး) မာရီလင် မွန်ရိုး(ဟောလီးဝုဒ် မင်းသမီး)
ဖရန့် လမ်းပတ် (ချယ်ဆီးဘောသမား) မိုက်ကယ် ဒဲလ် (Dell ကွန်ပျူတာ တည်ထောင်သူ) ဒေးလ် ကာနက်ဂျီ (မိတ္တဗလဋီကာ ကျမ်းကြီးကို ရေးသားခဲ့သူ)
စတီဗင် ဂျရတ် (လီဗာပူး တိုက်စစ်မှူး) ဒေါ်နယ် ထရမ့် (အမေရိကန် သန်းကြွယ် သူဌေး) ဂျိုးဇက် စတာလင် (ဆိုဗီယက် ခေါင်းဆောင်)
နီကိုးလပ်စ် ကေ့ခ်ျ (ဟောလီးဝုဒ် မင်းသား) ဂရေ့စ် ကယ်လီ (မိုနာကို မင်းသမီးကြီး) မိုရိတ အကီယို (SONY )တည်ထောင်သူ ဖခင်ကြီး
ဟီလာရီ ကလင်တန် လေဒီ ဒိုင်ယာနာ (ဝေလမင်းသမီး) သိပ္ပံစာရေးဆရာကြီး အိတ်ခ်ျ ဂျီ ဝဲလ်
မဟတ္တမ ဂန္ဒီ အေဘရာဟမ် လင်ကွန်း ပီးယားပွန့် မော်ဂန် (သန်းကြွယ်သူဌေး)
တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်း တိန့်ရှောင်ဖိန် (တရုပ်နိုင်ငံ ပြုပြင် ပြောင်းလဲရေး ခေါင်းဆောင်ကြီး) ကလင့်အိစ်ဝုဒ် (ကောင်းဘွိုင်မင်းသား)
ဒီစာရင်းတွေဟာ အကုန်မဟုတ်သေးပါဘူး။ အများကြီး ကျန်ပါသေးတယ်။ ဒီပုဂ္ဂိုလ်တွေကို ကြည့်ရင် ပုတိ , ဘင်္ဂ , မရဏ ဖွားတွေဟာ ဘာမှ အားငယ်စရာ မရှိပါဘူး။ ထင်ပေါ်ကျော်ကြားသူတွေ၊ အနုပညာရှင်တွေ၊ နိုင်ငံခေါင်းဆောင်တွေ၊ သန်းကြွယ်သူဌေးတွေ၊ အားကစားသမားအကျော်အမော်တွေ အများကြီးရှိပါတယ်။
ဒါကြောင့် ခင်ဗျားရဲ့ အဖွားဟာ ပုတိ , ဘင်္ဂ , မရဏ ဖြစ်လို့ ဘာမှ စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် သူများထက်တော့ ပိုကြိုးစားရလိမ့်မယ်။ ပုတိ , ဘင်္ဂ , မရဏ ဖွားတွေဟာ အချောင်မကြီးပွားတတ်ကြဘူး။ (အမှန်ကတော့ လောကမှာ အချောင် ဆိုတာ ဘာမှ မရှိပါဘူး။ တန်ရာတန်ကြေးတော့ ပေးရတာချည်းပါဘဲ)
ဒီလိုလက်တွေ့လေ့လာလိုက်တော့ ပုတိ , ဘင်္ဂ , မရဏ ဖြစ်တာမဖြစ်တာဟာ ဘဝအောင်မြင်ရေး၊ ချမ်းသာကြွယ်ဝ ရေးတွေမှာ အခက်အခဲမရှိဘူးဆိုပေမယ့် တစ်ခုသတိထားမိတာက ပုတိ , ဘင်္ဂ , မရဏ ဖွားတွေဟာ များသောအားဖြင့် အချစ်ရေး၊ အိမ်ထောင်ရေးကံတွေမှာ အားနည်းတတ်တာကိုတော့ သတိပြုမိပါတယ်။
အချစ်ရေး ရှုတ်ထွေးမယ်။ အိမ်ထောင်ရေး ရှုတ်ထွေးမယ်။ အိမ်ထောင်ကွဲတာ အိမ်ထောင်ဆက်များတာကို တခြားအဖွားထက် ပုတိ , ဘင်္ဂ , မရဏ ဖွားတွေမှာ ပိုတွေ့ရပါတယ်။ အထူး သဖြင့် ဘင်္ဂ နဲ့ မရဏ ဖွားဟာ အဲဒီ ဒဏ်ကို အတော်ခံရတတ်ပါတယ်။ အိမ်ထောင်ပျက်လွယ် ၊ ကွဲလွယ်တဲ့ အထဲမှာ ဘင်္ဂဖွား နဲ့ မရဏဖွားဟာ ပိုဆိုးပါတယ်။ မိန်းကလေးဖြစ်ရင် အသောက်အစားအပျော်အပါးများတဲ့ ယောင်္ကျားဆိုးနဲ့ တွေ့တတ်တယ်။ အားမကိုးရတဲ့ ယောင်္ကျားကို ရတတ်တယ်။ ယောင်္ကျားဖြစ်ရင် အိမ်ထောင်ကျဖို့ ခက်ခဲမယ်။ ကျရင်လည်း ကိုယ့်ထက် အဆင့်အတန်းနိမ့်သူ (သို့) ကိုယ်ကျင့် တရားအားနည်းတဲ့ မိန်းမမျိုး (သို့) ယောင်္ကျားကိုအလွန်နိုင်တဲ့ မိန်းမမျိုးကို ရတတ်တယ်။ လူတိုင်းတော့ မဟုတ်ပါ။ ဗေဒင်ပညာဆိုတာ အလွန်ဆုံး (၇၅) (၈ဝ) % လောက်ဘဲ မှန်နိုင်ပါမယ်။
ဒီတော့ ခင်ဗျားဟာ ပုတိ , ဘင်္ဂ , မရဏ ဖွားဖြစ်ရင် ဘဝအောင်မြင်ရေး၊ ကြီးပွားတိုးတက်ရေးအတွက် ဘာမှ ပူစရာ မရှိဘူးလို့ယူဆလိုက်ပြီး၊ အိမ်ထောင်ရေး အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ မကောင်းတဲ့ (၇၅) (၈ဝ) % ထဲမှာ မပါဘဲ ကောင်းတဲ့ (၂ဝ) (၂၅) % ထဲမှာ ပါတယ်လို့ ယူဆလိုက်ပေါ့ဗျာ။ ဒါမှ စိတ်ချမ်းသာမှာကိုး။
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေ

ပုတိ , ဘင်္ဂ , မရဏ (၁)

ပြီးခဲ့တဲ့ ပို့စ် မှာ မြန်မာလူမျိုးတွေဟာ ကိုယ့်ရဲ့ မွေးတဲ့နေ့ကိုတော့ လုံးဝမမေ့တဲ့အကြောင်း၊ ကိုယ်ဘာနေ့သားသမီးလဲ ဆိုတာ ချက်ခြင်းပြောနိုင်တဲ့အကြောင်းကို ပြောခဲ့ပြီးပါပြီ။ နောက်ထပ်တစ်ခု ထပ်ပြီးချစ်စရာကောင်းတဲ့ ရိုးရာ ဓလေ့လေးက ကိုယ် ဘာ “အဖွား” လဲ ဆိုတာကိုလည်း မြန်မာလူမျိုးတော်တော်များများ သိကြပါတယ်။
ရှေးခေတ်တုန်းကဆိုရင် ကလေးတစ်ဦး လူ့လောကထဲကို မွေးဖွားဝင်ရောက်လာပြီ ဆိုတာနဲ့ အမည်နာမတစ်ခုကို ပေးကြတဲ့နေရာမှာ မိမိကိုးကွယ်တဲ့ ဆရာတော်ကြီးများဆီမှာ အပ်နှံပြီး နာမည်ပေးခိုင်းလေ့ရှိကြပါတယ်။ ရဟန်းသံဃာဆိုတာ မျိုးကလည်း လူ့လောကီကိစ္စတွေကို လုံးဝကင်းကွာလို့မရတော့ ဗေဒင်လေး၊ ဘာလေးတော့ အနည်းနဲ့အများဆိုသလို လေ့လာ ထားကြရပါတယ်။ များသောအားဖြင့်တော့ လွယ်လည်းလွယ်ကူ၊ အသုံးလည်းတည့်တဲ့ ” မဟာဘုတ်” ကိုတော့ ရဟန်းသံဃာ တိုင်းလိုလို အနည်းနဲ့အများတော့ သိကြပါတယ်။
ဒီတော့ ကိုယ့်ဒကာရဲ့ သားသမီးဖြစ်တော့ မဟာဘုတ်ကလေးကောက်တွက်၊ ပြီးတော့ နာမည်ပေးလိုက်ကြတာပေါ့။ နာမည်ပေးပြီးတာနဲ့ ဒီကလေးက “အထွန်းဖွား၊ ရာဇဖွား၊ ပုတိဖွား” စသည်ဖြင့် တွက်ချက်ပေးလိုက်ကြပါတယ်။ ဒီတော့ ဒီကလေး တွေဟာ ကြီးပြင်းလာတဲ့အထိ၊ ကိုယ်ဘာနေ့သား၊ ဘာနေ့ဖွားဆိုတာကို သေသေချာချာမှတ်သားထားလိုက် ကြတာပေါ့။
ဒီဘက်ခေတ်ရောက်လာတဲ့ မိဘတွေကျတော့ နာမည်ပေးတာကိုလည်း ကိုယ်တိုင် စိတ်တိုင်းမကျ မခြင်း ပေးချင်သလို ပေးကြ၊ ခေတ်အဆန်ဆုံးပေးကြပေမယ့် ကလေးက ” ဘာအဖွား” လည်းဆိုတာကိုတော့ မသိကြတော့ပါဘူး။
ဒီနေရာမှာ ရယ်စရာလေးတစ်ခု ကိုယ်တွေ့ကြုံရတာကို ပြောရဦး။ တစ်ခါတော့ မိဘတစ်ဦးဟာ သူ့ကလေးရဲ့ နာမည်ကို မှန်မမှန်ကို စစ်ခိုင်းကြည့်ပါတယ်။ ကျွန်တော်ကလည်း အမှုမဲ့အမှတ်မဲ့နဲ့ (သိပြီးသားထင်လို့) “ကလေးရဲ့ အဖွားက ဘာလည်း” လို့မေးလိုက်တော့ သူက ပြန်ဖြေရှာပါတယ်။ ” ကလေးရဲ့ အဖွားက မရှိတော့ဘူးခင်ဗျ။ ဆုံးသွားတာ ကြာပြီ” တဲ့။
ဒီလို ဒီဘက်ခေတ်ရောက်လာတော့ ကိုယ့်ရဲ့ မဟာဘုတ်အဖွားကို ဘာလည်းဆိုတာ သိတဲ့သူ နည်းလာကြပါပြီ။ ဒါပေမယ့် ကိုယ်ဘာအဖွားလည်းဆိုတာ သိဖို့က သိပ်ခက်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် လွယ်လွယ်လေး တွက်လို့ ရပါတယ်။ ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို သိရင် ကိုယ်ဘာအဖွားလည်း ဆိုတာ သိနိုင်ပါတယ်။ ဒီဆောင်းပါးဟာ ဗေဒင်ပညာရှင်တွေအတွက် မဟုတ်တဲ့အတွက် ကိုယ်ဘာအဖွားလည်းဆိုတာ အလွယ် သိနိုင်အောင် ဇယားလေးတစ်ခုထည့်ပေး လိုက်ပါတယ်။
ပထမဆုံးကိုယ့်မွေးဖွားတဲ့ မြန်မာ သက္ကရာဇ်ကို ရှာပါ။ အင်္ဂလိပ်ခုနှစ်ဘဲသိရင် အင်္ဂလိပ်ခုနှစ်ထဲကနေ ပုံသေဂဏန်း (၆၃၈) ကို နုတ်လိုက်ရင် မြန်မာ ခုနှစ်ကို ရပါတယ်။ တစ်ခုသတိထားရမှာက မြန်မာနှစ်သစ်ကူးနေ့ဟာ ဧပြီလ (၁၅)ရက်၊ (၁၆)ရက်၊ (၁၇) ရက်နေ့တွေမှာ နှစ်ဆန်းတတ်တဲ့အတွက် ကိုယ့်ရဲ့ အင်္ဂလိပ် ရက်၊ လ၊ ခုနှစ်က မြန်မာနှစ်ဆန်းတစ်ရက်နေ့ မတိုင်မှီဖြစ်ရင်တော့ (၆၃၉) ဂဏန်းကို နုတ်ရပါမယ်။ နှစ်ဆန်းတစ်ရက်နေ့က, စပြီး ဒီဇင်ဘာ ၃၁ရက် အတွင်း ဖြစ်ရင်တော့ (၆၃၈) ကို နုတ်ပါ။
နုတ်လို့ပြီးရင် အဲဒီဂဏန်းဟာ မြန်မာသက္ကရာဇ်ဖြစ်သွားပါပြီ။ အဲဒီမြန်မာခုနှစ်ကို (၇) နဲ့စားရင် အကြွင်း (၁)ကနေ (ဝ) အထိ အကြွင်း (၇)ခု ကြွင်းပါမယ်။ အဲဒီတော့ ကိုယ် ဘာအကြွင်းလဲဆိုတာသိရင် အောက်က ဇယားလေးကို ကြည့်ရင် ကိုယ် ဘာအဖွားလည်း ဆိုတာ သိပြီပေါ့။

မွေးသက္ကရာဇ် အကြွင်း နှင့် ဖွားဇာတာ ကြည့်နည်းဇယား
အကြွင်း တနင်္ဂနွေ တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ ရာဟု
၁ ဘင်္ဂ ပုတိ သိုက် မရဏ အဓိပတိ ရာဇ အထွန်း မရဏ
၂ အထွန်း ဘင်္ဂ ပုတိ သိုက် မရဏ အဓိပတိ ရာဇ သိုက်
၃ ရာဇ အထွန်း ဘင်္ဂ ပုတိ သိုက် မရဏ အဓိပတိ ပုတိ
၎ အဓိပတိ ရာဇ သိုက် ဘင်္ဂ ပုတိ သိုက် မရဏ ဘင်္ဂ
၅ မရဏ အဓိပတိ ရာဇ အထွန်း ဘင်္ဂ ပုတိ သိုက် အထွန်း
၆ သိုက် မရဏ အဓိပတိ ရာဇ အထွန်း ဘင်္ဂ ပုတိ ရာဇ
ဝ ပုတိ သိုက် မရဏ အဓိပတိ ရာဇ အထွန်း ဘင်္ဂ အဓိပတိ

= လက်တွေ့တွက်ပြပါမယ်။ အင်္ဂလိပ် ခုနှစ် ၁၉၈ဝ ခု ဇူလိုင်လ (၄)ရက်ဖွား အတွက် တွက်ကြည့်ရအောင်။
(၁) အင်္ဂလိပ်ခုနှစ် (၁၉၈ဝ) ထဲက (၆၃၈) ကို နုတ်ရင်- - - ၁၉၈ဝ - ၆၃၈ = ၁၃၄၂ ရပါတယ်။ အဲဒါ မြန်မာသက္ကရာဇ်ပေါ့။
(၂) မြန်မာသက္ကရာဇ်ဖြစ်တဲ့ ၁၃၄၂ ကို (၇) နဲ့စားပါ။ ၁၃၄၂ œ ၇ = ၅ ကြွင်းပါမယ်။
(၃) ၁၉၈ဝ ဇူလိုင်လ (၄) ရက်နေ့က သောကြာနေ့ဖြစ်တဲ့အတွက်- အကြွင်း (၅) နဲ့ သောကြာနဲ့ ဆုံတဲ့အကွက်ကို ကြည့်ရင် “ပုတိ” ဆိုတာ တွေ့ရပါမယ်။ ဒါကြောင့် အဖွားက “ပုတိ” ဖွားပေါ့။
= နောက်တစ်ခုတွက်ပြပါဦးမယ်။ ၁၉၈၅ ခု ဇန်နဝါရီလ (၅)ရက်ဖွား အတွက် တွက်ကြည့်ရအောင်။ ဇန်နဝါရီလ(၅)ရက်နေ့ဟာ နှစ်ဆန်းတစ်ရက် မတိုင်မှီ ဖြစ်တဲ့အတွက် (၆၃၉)ကို နုတ်ရပါမယ်။
(၁) အင်္ဂလိပ်ခုနှစ် (၁၉၈၅) ထဲက (၆၃၉) ကို နုတ်ရင်- - - ၁၉၈၅ - ၆၃၉ = ၁၃၄၆ ရပါတယ်။ အဲဒါ မြန်မာသက္ကရာဇ်ပေါ့။
(၂) မြန်မာသက္ကရာဇ်ဖြစ်တဲ့ ၁၃၄၆ ကို (၇) နဲ့စားပါ။ ၁၃၄၆ œ ၇ = ၂ ကြွင်းပါမယ်။
(၃) ၁၉၈၅ ဇန်နဝါရီလ (၅) ရက်နေ့က စနေနေ့ဖြစ်တဲ့အတွက်- အကြွင်း (၂) နဲ့ စနေနဲ့ ဆုံတဲ့အကွက်ကို ကြည့်ရင် “ရာဇ” ဆိုတာ တွေ့ရပါမယ်။ ဒါကြောင့် အဖွားက “ရာဇ” ဖွားပေါ့။
အဲဒီနေရာမှာ အဖွား(၇)ခုနဲ့ ပတ်သက်ပြီး လူတိုင်း လက်ခံနေတဲ့ အယူအဆတစ်ခုဖြစ်လာပါတယ်။ အဲဒါကတော့ “အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ၊ ပုတိ၊ ဘင်္ဂ နဲ့ မရဏ” ဆိုပြီး အဖွား (၇) ခု ဖြစ်ပေါ်လာတဲ့ နေရာမှာ အပေါ်တန်းတွေဖြစ်တဲ့ “အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ” အဖွားတွေ ဆိုရင် ကောင်းတယ်။ အောက်တန်းတွေဖြစ်တဲ့ ” ပုတိ၊ ဘင်္ဂ နဲ့ မရဏ” ဖွားတွေ ဆိုရင် ညံ့တယ်ဆိုပြီး အယူအဆဖြစ်ပေါ်လာပါတယ်။ အောက်ပါ မဟာဘုတ် ဇယားခွင်ကို ကြည့်ပါ။

အပေါ်တန်းမှာက ” အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ” ဆိုပြီး ရှိပါတယ်။ အောက်တန်းမှာ ” မရဏ၊ ဘင်္ဂ၊ ပုတိ” ဆိုပြီး ရှိပါတယ်။ အများယူဆကြတာတော့ အပေါ်တန်းဖွား ဖြစ်ရင် ကောင်းတယ်။ အောက်တန်းဖွားဖြစ်ရင် ညံ့တယ်တဲ့။ ဟုတ်ပါရဲ့လား။
အဲဒါအယူအဆဟာ မှန်သလား၊ မှားသလား ဆိုတာကို ဒုတိယပို့စ်ဖြစ်တဲ့ ” ပုတိ၊ ဘင်္ဂ၊ မရဏ” အပိုင်း (၂) မှာ ဆက်ပြီး ရေးသားသွားပါမယ်ခင်ဗျား။ အပိုင်း (၂)ကို နောက်တစ်ရက် နှစ်ရက်အတွင်း တင်ပေးပါမယ်။
ဖတ်ရှုသူအားလုံးကျန်းမာချမ်းသာကြပါစေခင်ဗျား

Friday, September 18, 2009

ပညာရေးစနစ် တစ်ခုရဲ့ရည်ရွယ်ချက်က လူတိုင်းဘွဲ့ရကြဖို့လား

ဘယ်နေ့ကလည်းတော့ မမှတ်မိတော့ပါ။ စာသင်ခန်းထဲမှာ ဆရာနဲ့ စကားလက်ဆုံကျနေရင်း ဆရာက သူတို့နိုင်ငံရဲ့ပညာရေစနစ်အကြောင်း ပြောပြခဲ့တယ်။ ဒီနိုင်ငံမှာ အခြေခံပညာပြီးသွားတဲ့ ကျောင်းသားတွေကို အဆင့်မြင့်ပညာသင်ခွင့်ရှိတဲ့သူရယ်၊ အသက်မွေးပညာသာသင်ခွင့်ရှိတဲ့သူရယ်ဆိုပြီး ခွဲခြားလိုက်တယ်တဲ့။ အဲဒီလိုဆိုတော့ ကျွန်တော်တို့က မေးကြတာပေါ့။ အသက်မွေးပညာသာ သင်ခွင့်ရှိတဲသူတွေက တစ်သက်လုံး ဘွဲ့မရနိုင်တော့ဘူးလားလို့။ အဲဒီတော့ ဆရာကပြောတယ်...
နိုင်ငံတစ်ခုမှာ ဦးဏှောက်နဲ့ အလုပ်လုပ်မယ့်သူတွေတင် လိုအပ်တာမဟုတ်ဘူး။ ခြေတွေလက်တွေနဲ့ အလုပ်လုပ်မယ့်သူတွေလည်း လိုတာပဲ။ ဘွဲ့မရတာနဲ့ လူရာမ၀င်တော့တာမှ မဟုတ်တာ။ သူလုပ်နိုင်တာတွေ အများကြီးရှိတာပဲ။ ပြီးတော့ ဘယ်သူဟာ ဘယ်ပညာရေးနဲ့ သင့်တော်တယ် ၊ဘယ်သူဟာ ဘယ်အသက်မွေးမှုနဲ့ သင့်တော်တယ် ဆိုတာကို အကြမ်းသဘော ခွဲခြားပေးခြင်းကိုက အခြေခံပညာ စာစစ်အဖွဲ့ ရဲ့အရေးကြီးတဲ့ အလုပ်တာဝန်တစ်ခုပဲ။ ပညာရေး စနစ်ကောင်းဆိုတာ လူတိုင်းကို ဘွဲ့ရအောင်လေ့ကျင့်ပေးဖို့မှ မလိုတာတဲ့။ လူတိုင်းကို အသက်မွေးနိုင်အောင်၊ ပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်အောင် ပညာပေးလိုက်နိုင်ရင်၊ အကျင့်စာရိတ္တကောင်းအောင် လေ့ကျင့်ပေးနိုင်ရင် အဲဒီစနစ်ကို ပညာရေးစနစ်ကောင်းလို့ ပြောရမှာပေါ့တဲ့။ ပညာရေးစနစ်နဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်တွေပြောပြီးတော့ ဆရာက ကျွန်တော်တို့ကို မေးတယ် မင်းတို့နိုင်ငံမှာ လူတိုင်းဘွဲ့ရဖို့ လိုနေလို့လားတဲ့။ အားလုံးကိုဘွဲ့ရပညာတတ်တွေဖြစ်အောင် အခြေခံပညာအဆင့်မှာ ဘယ်လိုလေ့ကျင့်ပေးလိုက်လဲတဲ့။
ကျွန်တော်ကတော့ သူ့အမေးတွေကို မဖြေပဲ ကိုယ့်နိုင်ငံရဲ့ ပညာရေးစနစ်ဟာ ဆရာပြောတဲ့ ပညာရေးစနစ်ကောင်း တစ်ခုရဲ့ အဓိကရည်ရွယ်ချက် (၂) ခုကိုဘယ်လောက်ထိ ဖြည့်ဆည်းပေးနိုင်သလဲဆိုတာကိုပဲ စဉ်းစားနေမိတယ်။



သာသနာရေး


တန်ဖိုးကြီးလှ လူ့ဘဝ


တန်ဖိုးကြီးလှ လူ့ဘဝ

ဗုဒ္ဓဘာသာစာပေလာ ဘုံဘဝအယူအဆတွေအရ၊ သတ္တလောကထဲမှာ ကျွန်တော်တို့ရနိုင်တဲ့ ဘဝတွေကတော့ ငရဲတိရိစ္ဆာန်ဘဝ၊ လူ့ဘဝ၊ နတ်ဘဝ၊ ဗြဟ္မာဘဝတို့ဖြစ်ပါတယ်။ အမျိုးမျိုးသော ဘဝတွေထဲမှာ လူ့ဘဝဟာ တန်ဖိုး အရှိဆုံးပဲလို့ ကျွန်တော်ကတော့ ပြောချင်တယ်။

တန်ဖိုးးကို လူတွေက အမျိုးမျိုး သတ်မှတ်ကြမှာပါ။ အချို့က ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝမှု၊ အချို့ကလည်းရာထူးဂုဏ်ထူး ကြီးမားမှု၊ အချို့ကလည်း ပညာဗဟုသုတ ပြည့်စုံမှု စသဖြင့် ကိုယ့်စိတ်ညွတ်ရာကိုယ် တန်ဖိုးအဖြစ် သတ်မှတ်ကြပါလိမ္မယ်။

ဒီပို့မှာတော့ သတိ၊ ဝီရိယ နဲ့ ဉာဏ် ဆိုတဲ့ တရား သုံးပါး အကျိုးပေးမှုကို ကျွန်တော်က တန်ဖိုးအဖြစ်ပြောချင်ပါတယ်။ အဲဒီသုံးပါးကို ပယောဂ တရားတွေလို့လည်း ခေါ်ကြပါတယ်။ အဲဒီတရားသုံးပါးနဲ့ ပြည့်စုံရင်တော့ ပယောဂသမ္ပတ္တိ ဖြစ်နေတယ်လို့ ဆိုပြီး။ အဲဒီတရား သုံးပါး ပျက်စီးရင်တော့ ပယောဂဝိပတ္တိ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ သြကာသ ဘုရားရှိခိုးမှာ ပါတဲ့ ဝိပတ္တိတရား ၄-ပါးထဲက တစ်ပါးပါပဲ။ သတိ၊ ဝီရိယနဲ့ ဉာဏ် တို့ရဲ့ ချို့ယွင်းမှုကို မလိုချင်ကြလို့ ဗုဒ္ဓဘာသာ မြန်မာတွေ အမြဲလိုလို ဆုတောင်းနေကြပါတယ်။

တကယ်တော့ ဆုတောင်းနေရုံနဲ့ အလိုလို ပြည့်စုံလာမယ့် တရားတွေတော့လည်း မဟုတ်ပါဘူး။ သတိ၊ ဝီရိယ၊ ဉာဏ် တို့နဲ့ ပြည့်စုံအောင် ဆိုတာ လေ့ကျင့်ယူကြရမှာပါ။ အဲဒီတရား သုံးပါးက လူတိုင်းမှာ မွေးရာပါ ပဋိသန္ဓေအားဖြင့်လည်း အထိုက်အလျောက် ပါကြပါတယ်။ အဲဒီနောက်ပိုင်းလည်း လေ့ကျင့်ယူနိုင်ရင် တိုးတတ်ပါတယ်။

ဖော်ပြပါ တရားသုံးပါ ချို့ယွင်းရင် လူ့အောက်တန်းကျစမြဲပါပဲ။ သုံးပါးစုံ ချို့ယွင်းခြင်းကို မဆိုထားနဲ့ သတိတစ်ခုတည်းပင် အလွန်အမင်း ချို့ယွင်းလာပြီဆိုရင် အဲဒီလူတစ်ယောက်ဟာ အခြားအရည်အချင်းတွေ မည်မျှပြည့်စုံနေသော်လည်း အရေးပါတဲ့ နေရာတွေမှာ သုံးလို့ မဖြစ်နိုင်တော့ပါဘူး။ ဝီရိယနဲ့ ဉာဏ် ၂-ပါးလည်း ထို့နည်းတူပါပဲ။ တစ်ပါးပါးက အလွန်အမင်း ချို့ယွင်းလာရင် သုံးစားလို့ မရနိုင်တော့ပါဘူး။

သတိကောင်းရင်ကောင်းသလို လုပ်ငန်းခွင်ထဲမှာ၊ အရောင်းအဝယ်လောကမှာ ပညရှာရာမှာ စသဖြင့် နေရာစုံအောင် ရှေ့တန်းကဦးဆောင်မြဲပါ။ ဝီရိယ အားစိုက်နိုင်ရင် စိုက်နိုင်သလို နေရာတကာမှာ ရှေ့တန်းက ဦးဆောင်နေမြဲပါ။ ဉာဏ်လို့ ဆိုရာမှာလည်း ထို့နည်းတူပါပဲ။ ဒီနေရာမှာ လောကီကြီးပွားကြောင်း သက်သက်ကို ပြောရင်တော့ ဝိပဿနာဉာဏ် ကဲ့သို့သော အပြစ်ကင်းစင်တဲ့ ဉာဏ်ပညာမျိုးတင် မဟုတ်ပါဘူး။ အတွေးအခေါ်ဉာဏ်၊ ဖြတ်ထိုးဉာဏ်၊ ပညာဗဟုသုတ သာမက ဉာဏ်နီ၊ ဉာဏ်နက် တို့ပါ အကျုံးဝင်ပါတယ်။

သတိ၊ ဝီရိယ၊ ဉာဏ် သုံးပါးမှာ အပြစ်ကင်းစင်တဲ့ ပရောဂတရားတို့သာ ထားရှိကြရင်တော့ အကောင်းဆုံးဖြစ်ပါလိမ္မယ်။ ဒါပေမဲ့ သံသရာအတွက် အကြွေးမကင်းသော်လည်း သတိ၊ ဝီရိယ၊ ဉာဏ်ကောင်းလို့ ပြိုင်ဖက်ကို အလဲထိုးထားနိုင်တာမျိုး၊ လက်ဦးမှုရယူပြီး ကိုယ်က ကြိုကြိုတင်တင် လုပ်စရာရှိတာတွေ ပြင်ဆင်ထားနိုင်တာမျိုးဟာလည်း လက်တွေ့လူ့လောကမှာတော့ အကျိုးပေးနေတာ တွေ့ရပါတယ်။ ဒီစကားက လက်တွေ့လောကတွေထဲမှာ တွေ့နေရလို့သာ ချရေးလိုက်တာပါ။ တကယ်တော့ အကုသိုလ် အပြစ်တွေ ဖြစ်စေနိုင်တဲ့ သတိမျိုး၊ ဝီရိယမျိုး၊ အောက်တန်းကျတဲ့ ဉာဏ်မျိုးတွေက မထားသင့်ပါဘူး။

စီးပွားရှာမယ်၊ ပညာရှာမယ်၊ တရားရှာမယ်ဆိုရင် လူတွေက ဒီပရောဂ တရားသုံးပါးကိုပဲ အားကိုပြီး ရှာကြရတာပါပဲ။ တရားရှာတဲ့နေရာမှာတော့ ပယောဂတရား သုံးပါးကို ဣနြေ္ဒ ၅-ပါးဖြစ်အောင် ချဲ့ပြီးပြောရမယ်ထင်တယ်။

သတိဆိုတာကတော့ သတိနြေ္ဒတစ်ပါး အဖြစ်ရေတွက်ပါ့မယ်။ ဝီရိယ ဆိုတဲ့တရားကတော့ အားကောင်းကောင်း စိုက်ထုတ်ဖို့လိုတာ မှန်ပေမဲ့ ညီမျှတဲ့ သမာဓိအား မရှိရင် စိတ်ကရှေ့ကိုစောပြီး ပျံ့လွန့်နိုင်တာကြောင့်မိုလို့ ဣနြေ္ဒအားဖြင့် ဝီရိယရယ်၊ သမာဓိရယ် ၂-ပါးရေတွက်ရပါမယ်။ ဉာဏ်ဆိုတဲ့ နေရာမှာလည်း သိလွယ်မြင်လွယ်တဲ့ ထက်မျက်တဲ့ ဉာဏ်ပညာ လိုအပ်တာမှန်သော်လည်း ပညာဉာဏ်က လွန်ကဲပြီး ဘုရား၊ တရား၊ သံဃာ အပေါ်ကြည်ညိုတဲ့စိတ် သဒ္ဓါတရား မထားရှိနိုင်အောင် ဖြစ်လာရင်တော့ တရားထူးရနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဉာဏ်ဆိုတဲ့ ပရောဂတရားအကြောင်းပြောရင် ဣနြေ္ဒအားဖြင့် ပညာနှင့် သဒ္ဓါဆိုပြီး ၂-မျိုး ပြောရပါလိမ္မယ်။

အခုကျွန်တော်ပြောခဲ့သလို အသုံးချသွားမယ်ဆိုရင် ပယောဂ တရားတွေဟာ စီးပွားရေး၊ ပညာရေး မှာသာမက တရားထူး တရားမြတ်ရရှိသည်အထိ ကျေးဇူးပြုနိုင်ကြပါတယ်။

ဘဝအမျိုးမျိုးတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လူ့ဘဝအောက် နိမ့်ကျတဲ့ ငရဲတိရိစ္ဆာန်ဘဝတွေဟာ ရှေးက အကုသိုလ်ကံကြွေးတွေ ဆပ်နေရတဲ့ ဘဝမျိုးပါ။ အဲဒီဘဝမျိုးရောက်ခါမှ ပယောဂတရား သုံးပါး အားထုတ်နေလို့လည်း အကျိုးကျေးဇူး တစ်စုံတရာ ဖြစ်တော့မှာ မဟုတ်ပါဘူ။

နတ်ဗြဟ္မာဘဝတွေရရှိတဲ့ ကာလဟာလည်း ရှေးက ပြုဖူးတဲ့ ကုသိုလ်ကံ အကျိုးတွေကို စံစားနေရတဲ့ ကာလဖြစ်ပါတယ်။ ရှေးက ကုသိုလ်ကံကောင်းရင်ကောင်းသလို ပိုမိုသာလွန်တဲ့ ဘုံဗိမာန်တို့နဲ့နေကြရပြီး ကိုယ်ရောင် ကိုယ်ဝါလည်း သာလွန်ကြတယ်လို့ ဆိုကြပါတယ်။ လက်တွေ့ ပယောဂတရားတို့ကတော့ လွန်စွာ အကျိုးမပေးတတ်ကြပါဘူး။ ဒါကြောင့် ဘုရားအလောင်တော်တို့ ကဲ့သို့သော ပါရမီဖြည့်လိုသူတွေဟာ အခါအားလျှော်စွာ လူ့ပြည်ကို ဆင်းပြီး ပါရမီအလုပ်တွေကို ကြိုးစား ဖြည့်ဆည်းကြရပါတယ်။

ဗုဒ္ဓဘာသာ စာပေမှာ လာရှိတဲ့ ဘဝအမျိုးမျိုးရှိတဲ့ အနက်မှ လူ့ဘဝဟာ ပယောဂတရားသုံးပါး အကျိုးကျေးဇူးကို လက်တွေ့အနေအားဖြင့်ရော သံသရာအတွက်ပါ အကောင်းဆုံး ခံစားစံစားနိုင်တဲ့ နေရာဖြစ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဖန်ဆင်းရှင်ဝါဒကို လက်ခံသူများအနေနဲ့လည်း ကျမ်းဂန်မှာ လာရှိတှဲံ ဖန်ဆင်းသူအပါအဝင်၊ ဖန်ဆင်းခံ အမျိုးမျိုးရဲ့ ဘဝကို ပြန်ကြည့်မယ်ဆိုရင် လူ့ဘဝသည်သာ ပရောဂတရား သုံးပါးတို့ရဲ့ အားအကောင်းဆုံးသော ဖန်ဆင်းခံဘဝဆိုတာတွေ့ရမှာပါ။

ဖော်ပြပါ သတိ၊ ဝီရိယ၊ ဉာဏ် ဆိုတဲ့ ပယောဂတရားသုံးပါးတို့ကို အပြစ်ကင်းစွာ အားထုတ်ဖြည့်ဆည်းနိုင်ကြပြီး စည်းစိမ်ဥစ္စာ၊ ပညာဗဟုသုတနှင့် မြတ်တရားတို့ပါ ရှာဖွေနိုင်ကြပါစေ။

နာ (၃) နာ နဲ့ ကျောင်းဆရာ ဘဝ

ကျောင်းဆရာတွေရဲ့ ဘ၀အကြောင်းကို စာရေးကြရာမှာပဲဖြစ်ဖြစ်၊ ဟောပြောကြရာမှာပဲဖြစ်ဖြစ် ၀ါသနာ၊ စေတနာ နဲ့ အနစ်နာ ဆိုတဲ့ နာ(၃)နာနဲ့ တွဲပြီး ပြောဆိုရေးသားကြတာတွေကို ငယ်ငယ်ကတည်းက ဖတ်ဖူးမှတ်ဖူးတယ်။ ကျွန်တော် ၉ တန်း ၁၀ တန်း လောက်တုန်းက အပတ်စဉ်လုပ်တဲ့ ဆရာ၊ ဆရာမတို့ သြ၀ါဒ ခံယူပွဲတွေမှာလည်း နာ(၃)နာနဲ့ပတ်သက်ပြီး အကျယ်တ၀င့် ဟောပြောတာတွေ နားထောင်ရတတ်တယ်။ အဲဒီတုန်းကတော့ အဲဒီနာ(၃)နာဟာ ဆရာကောင်းတစ်ယောက်ဖြစ်ဖို့ မရှိမဖြစ်အရေးကြီးတဲ့ လိုအပ်ချက်(၃)ခု ပဲလို့ထင်ခဲ့သေးတယ်။ အဲလိုလက်ခံထားတဲ့သူတွေလည်း မနည်းလောက်ဘူး။ အခုတော့ အဲဒီနာ(၃)နာနဲ့ပတ်သက်ပြီး တွေးကြည့်တယ်။ မင်းတွေးသမျှကလည်း အားလုံး ကန့်လန့်တွေကြီးပဲ လို့ဆိုရင်လည်း မတတ်နိုင်ဘူး။
ဝါသနာတဲ့။ ၀ါသနာဆိုတာ ကျွန်တော်နားလည်သလောက်တော့ မိမိစိတ်ပျော်ရွှင်မှုအတွက် လူတွေလုပ်တတ်တဲ့ အလေ့အထလေးတွေပါ။ ဥပမာပြောရရင် သီချင်းဆိုတာဝါသနာပါတယ်။ စာဖတ်တာဝါသနာပါတယ်။ စသဖြင့်ပေါ့။ အဲဒီနေရာမှာ ဆရာလုပ်ရတာဝါသနာပါတယ်ဆိုတဲ့( ကိုယ်သိတဲ့အကြောင်းအရာတွေကို ရှင်းလင်းပြောကြားရတာဝါသနာပါတယ်ဆိုတဲ့) လူတွေလည်း ရှိတတ်တာပဲ။ ၀ါသနာနဲ့အလုပ် တထပ်တည်းကျနေရင် အလုပ်မှာစိတ်ပါတယ်။ စိတ်ပါလက်ပါလုပ်တော့ လုပ်ငန်းပိုတွင်ကျယ်တယ်။ ကောင်းတယ်လို့ ပြောရမှာပေါ့။ အဲဒါက ကျောင်းဆရာဘ၀နဲ့ ဘာဆိုင်တာမှတ်လို့။ ဘယ်အလုပ်ပဲဖြစ်ဖြစ် ကိုယ့်ဝါသနာနဲ့ ကိုယ်ရွေးချယ်ပြီး စိတ်ပါလက်ပါလုပ်မယ်ဆိုရင် အောင်မြင်မှုပိုရနိုင်ပါတယ်။
ကျွန်တော်တွေ့ဘူးတဲ့ ဆရာတစ်ယောက်အကြောင်း ပြောချင်တယ်။ သူက စာသင်လည်းအရမ်းကောင်းတယ်။ အတန်းထဲမှာ သူပြောလေ့ရှိတာက " စာသင်ရတဲ့အလုပ်ကို ငါလုံး၀၀ါသနာမပါဘူး။ ငါက စာပဲရေးချင်တာ " တဲ့။ သူသင်ရတဲ့ဘာသာရပ်က အင်္ဂလိပ်စာ။ စာရေးဆရာဖြစ်ချင်တဲ့လူဆိုတော့ စာဖတ်အားလည်း တော်တော်ကောင်းတယ်ထင်တယ်။ စာရှင်းတဲ့အခါ စိတ်ဝင်စားစရာ ပြင်ပဗဟုသုတတွေနဲ့ ဝေေ၀ဆာဆာရှင်းပြတတ်တယ်။ သဒ္ဒါဆိုလည်း မြန်မာ၊ အင်္ဂလိပ် ၂ ခုစလုံး ကျွမ်းကျင်ပုံဘဲ။ မေးလာသမျှမေးခွန်းအားလုံးကို ဖြေရှင်းပေးဖို့ အမြဲတမ်းအဆင်သင့်ရှိတယ်။ စာသင်ရတာ လုံး၀၀ါသနာမပါဘူး ဆိုပေမယ့် အဲဒီဆရာမျိုးကို ဆရာကောင်းတစ်ယောက် မဟုတ်ဘူးလို့ ဆိုနိုင်ပါ့မလား။ နောက်ထပ် စဉ်းစားမိတာတစ်ခုက ဆရာတစ်ယောက်ဟာ ၀ါသနာတော့ပါပါရဲ့။ ဒါပေမယ့် ကိုယ်တာဝန်ယူ ပို့ချရမယ့်ဘာသာရပ်ကို မကျွမ်းကျင်ရင် ( ကျွမ်းကျင်ပေမယ့် ကျောင်းသားနားလည်အောင် ရှင်းမပြတတ်ရင် ) ဆရာကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလား။
ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်ရမယ်ဆိုရင် ကျောင်းဆရာရယ်မှမဟုတ်ပါဘူး ဘယ်အလုပ်ပဲဖြစ်ဖြစ် ပိုပြီးအောင်မြင်နိုင်ပါတယ်။ ၀ါသနာလုံးဝမပါဘူးဆိုပေမယ့် ကိုယ်တာဝန်ယူရမယ့် အပိုင်းကိုကိုယ်ကျွမ်းကျင်ရင် တာဝန်ကျေတဲ့ဆရာကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။ ပြီးတော့ ၀ါသနာပါတယ် ဆိုရုံလေးနဲ့လည်း ဘယ်လိုမှဆရာကေင်းတစ်ယောက်ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။
နောက်ထပ်နာတစ်ခုဖြစ်တဲ့ စေတနာဆိုတာကရော ကျောင်းဆရာတွေအတွက်သာ လိုအပ်တာလား။ ကျောင်းဆရာကောင်းတစ်ယောက်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်ချက်လား။
ကျွန်တော် တက္ကသိုလ်တတိယနှစ်တုန်းက တွေ့ခဲ့တဲ့ဆရာတစ်ယောက် အကြောင်းပြောပြချင်တယ်။ သူကဘာတွေမကျေမနပ်ဖြစ်နေလည်းတော့မသိဘူး။ သူစိတ်ဆိုးသမျှတွေကို ကျောင်းသားတွေဆီမှာ ပေါက်ကွဲတတ်တယ်။ သူရုံးတတ်ရတဲ့ မိခင်ဌာနကတစ်နေရာ သူစာလာသင်ရတဲ့ ကျွန်တော်တို့ကျောင်းကတစ်နေရာဖြစ်နေတယ်။ သူစိတ်ဆိုးရင်ပြော တတ်တဲ့စကားက " မင်းတို့လည်းဝတ္တရားအရ လာထိုင်နေတာ။ ငါလည်း ၀တ္တရားအရ လာသင်နေရတာ။ ဟောဒီမှာကြည့်။ မင်းတို့အတွက်ရေးထားတဲ့မှတ်စုစာရွတ်တွေ။ ငါ့ငွေနဲ့ငါဝယ် ရတယ်။ မင်းတို့ကျောင်းကို ငါ့အစီအစဉ်နဲ့ငါလာခဲ့ရတယ်။ အခြေအနေက အဲလောက်ထိဆိုးနေပြီ။ ငါကတာဝန်ကျေအောင်တော့ လာသင်နေမှာပဲ။ ဘာပြဿနာမှ မရှာချင်ကြနဲ့။ အေးအေးဆေးဆေးနေကြ။ " တဲ့။ အဲဒီလိုကြီးဆိုတော့လည်း စေတနာမပါဘဲ စာသင်နေတယ်ပြောရတောမှာပေါ့။ ဒါပေမယ့်သူက အချိန်နောက်မကျဖူးဘူး။ အတန်းလည်းလုံးဝမပျက်ဖူးဘူး။ သင်ရိုးကိုလည်းကုန်အောင် သင်တယ်။ သင်ပုံကတော့ ၀တ္တရားကျေပါပဲ။ သူအတန်းထဲမှာ သင်ပေးသလောက်နဲ့ အဆင်ပြေတဲ့ကျောင်းသားတွေလည်း အများကြီးပါ။ အဆင်မပြေလို့သွားမေးရင်လည်း ဆရာ့ဝတ္တရားအရပဲလားတော့မသိ၊ ရှင်းပြပေးတတ်ပါတယ်။ သူ့ကိုကြောက်တော့ သွားမေးတဲ့သူတော့နည်းတာပေါ့။
အဲဒီဆရာက ကျောင်းသားတွေစေတနာထား သင်ကြားပေးတယ်လို့ မဆိုသာပေမယ့်၊ အချိန်ကိုလေးစားတယ်။ သင်ရိုးကိုပြတ်အောင်၊ တာဝန်ကျေအောင် သင်ပေးတယ်။ တာဝန်ယူရတဲ့ ဘာသသာရပ်ကိုလည်း ကျွမ်းကျင်တယ်ဆိုတော့၊ ကျောင်းသားအများစုဟာ အဲဒီဘာသာကို အခက်အခဲမရှိ အောင်မြင်ခဲ့ကြပါတယ်။ ဆရာတပည့်ဆက်ဆံရေးကတော့ နွေးထွေးပျော်ရွှင်စရာကောင်းတဲ့ အနေအထားမရှိခဲ့ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် အရမ်းတာဝန်ကျေတဲ့ ဆရာ့ကို ဆရာကောင်းတစ်ယောက် မဟုတ်ဘူးလို့ပြောရမှာ ကျွန်တော်အတွက်တော့ အရမ်းခက်နေတယ်။ ဒီနေရာမှာလည်း (၀ါသနာအကြောင်း ပြောတုန်းကမေးခဲ့သလို) မေးရရင်၊ ဆရာတစ်ယောက်ဟာ စေတနာတော့အရမ်းကောင်းပါရဲ့။ ဒါပေမယ့် ကိုယ်တာဝန်ယူ ပို့ချရမယ့်ဘာသာရပ်ကို မကျွမ်းကျင်ရင် ( ကျွမ်းကျင်ပေမယ့် ကျောင်းသားနားလည်အောင် ရှင်းမပြတတ်ရင် ) ဆရာကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလား။
ဘယ်အလုပ်ပဲဖြစ်ဖြစ် (နောက်ဆုံးကွမ်းယာရောင်းတာကစလို့ ) စေတနာထားပြီး လုပ်မယ်ဆိုရင် အလုပ်သဘောအရ ကိုယ်နဲ့လာပြီး ဆက်သွယ်ပတ်သက်သူတွေ ကိုစိတ်ချမ်းသာစေမှာပါ။ အဲလိုမဟုတ်ဘဲ ကိုယ့်အကျိုးလေးတစ်ခုတည်း ကြည့်ပြီး လုပ်အား နဲ့ အချိန်ကုန်၊ ငွေကုန် သက်သာရင်ပြီးရော ဆိုတဲ့စိတ်ဓါတ်နဲ့ လုပ်မယ်ဆိုရင်တော့ ရလဒ်ကောင်းတွေလည်း ရနိုင်မှာမဟုတ်ဘူး။ အလုပ်သဘောအရ ကိုယ်နဲ့လာပြီး ဆက်သွယ်ပတ်သက်သူတွေကိုလည်း အခက်အခဲနဲ့ တွေ့စေတာတွေ၊ စိတ်အနှောက်အယှက်ဖြစ်စေတာတွေ ကြုံရနိုင်တာပေါ့။
စေတနာရဲ့သဘောကိုက တစ်ဖက်သားအကျိုးကိုကြည့်ခြင်းပါ။ ကျောင်းဆရာအလုပ်ရယ်မှမဟုတ်ပါဘူး ဘယ်အလုပ်ပဲဖြစ်ဖြစ် စေတနာထားဆောင်ရွက်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ စေတနာမပါဘဲ လုပ်နေတော့ရော အရေးကြီးတဲ့တခြား အရည်အချင်းတွေရှိရင် ဆရာကောင်းတစ်ယောက် ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။
နောက်ဆုံးနာတစ်ခုကတော့ အနစ်နာတဲ့။ လုံးဝမဖြစ်သင့်တဲ့ နာကြီးပဲလို့ မြင်မိတယ်။ ကျောင်းဆရာလုပ်တာနဲ့ပဲ အနစ်နာခံရတော့မှာလား။ ကျောင်းဆရာဆိုတာ အစိုးရ၀န်ထမ်းပါ။ အစိုးရ၀န်ထမ်းပဲဖြစ်ဖြစ်၊ ပုဂ္ဂလိက၀န်ထမ်းပဲဖြစ်ဖြစ် ရသင့်ရထိုက်တဲ့ ၀န်ထမ်းအခွင့်အရေးတွေအားလုံး အပြည့်အ၀ ရနေရင် ဘာများအနစ်နာခံစရာ ရှိလဲ။ မရကြဖူးဆိုရင်လည်း ရအောင်ကြိုးစားကြရ တောင်းဆိုကြရမှာပေါ့။ အစိုးရတွေအနေနဲ့လည်း ဖြည့်ဆည်းပေးဖိုတာဝန်ရှိတာပေါ့။
ဝန်ထမ်းအခွင့်အရေးဆိုတာလည်း အများကြီးတော့ ကျွန်တော် နားမလည်ပါဘူး။ ကျွန်တော်စဉ်းစားမိသလောက်ကတော့ မရရှိလို့မဖြစ်တဲ့ အခွင့်အရေး (၃) ခုရှိတယ်။
၁။ လုပ်ငန်းခွင်လုံခြုံမှုရှိရေး
လုပ်ငန်းခွင်အနေအထားဟာ ၀န်ထမ်းတွေရဲ့ အသက်အန္တရယ်ကိုဖြစ်စေ၊ ကျန်းမာရေးကိုဖြစ်စေ ထိခိုက်စေနိုင်ရင်၊ လိုအပ်တဲ့လုံခြုံရေး ကိရိယာ တန်ဆာဗလာတွေကို အလုပ်ရှင်က အပြည့်အ၀ ဖြည့်ဆည်းပေးရမယ်။ လိုအပ်မယ်ဆိုရင် အစိုးရက ဥပဒေတွေ ပြကျဌာန်းပြီး ၀န်ထမ်းတွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးရမယ်။
၂။ သင့်တင့်လျောက်ပတ်သော အလုပ်ချိန် နှင့် အနားယူချိန် ရရှိရေး
စိတ်ဖိစီးမှု နဲ့ ခန္ဓာကိုယ်ပင်ပန်းမှု အလွန်ကျွံမဖြစ်အောင် ၀န်ထမ်းတွေအတွက် သင့်တင့်လျောက်ပတ်သော အလုပ်ချိန် နှင့် အနားယူချိန်တွေကို တစ်နေ့တာအတွက်၊ သီတင်းတစ်ပတ်တာအတွက် နဲ့ တစ်နှစ်တာကာလတွေအတွက် စသည်ဖြင့် သက်မှတ်ထားဖို့ လိုအပ်တယ်။ သတ်မှတ်ထားတဲ့ အချိန်ထက်ကျော်လွန်အောင် တာဝန်ထမ်းဆောင်ရမယ်ဆိုရင် လုပ်ငန်းအဆင်ပြေစေရေးအတွက် ကိုယ်ပိုင်အနာယူချိန်ကို ပေးလိုက်ရတာဖြစ်လို့ ၀န်ထမ်းတွေဟာ ပုံမှန်လုပ်အားခထက်သာလွန်တဲ့ အချိန်ပိုကြေး ရပိုင်ခွင့်ရှိရမယ်။ ( အချိုနိုင်ငံတွေမှာ အလုပ်အကိုင်ရှားပါးမှုအပေါ် အခွင့်ကောင်းယူပြီး အလုပ်ရှင်တွေက အချိန်ပိုကြေးမပေးပဲ သက်မှတ်ချိန်ထက်ကျော်လွန်အောင်ခိုင်းတတ်ကြတယ် )
၃။ အနည်းဆုံး စားဝတ်နေရေးကို အာမခံပေးနိုင်တဲ့ လုပ်အားခရရှိရေး
အလုပ်လုပ်နေတဲ့ ၀န်ထမ်းတိုင်းဟာ လူတစ်ယောက်အနေနဲ့ ရပ်တည်နိုင်အောင် အခြေခံအကျဆုံးဖြစ်တဲ့စားဝတ်နေရေးကို အာမခံပေးနိုင်တဲ့ လုပ်အားခရရှိဖို့လိုအပ်တယ်။ ( တရားဝင်ရရှိတဲ့ ၀င်ငွေက စားဝတ်နေရေးအတွက် မလုံလောက်ရင် ၀န်ထမ်းတွေဟာ အလုပ်ထဲမှာ တရားမ၀င်ငွေရှာလာတတ်ကြတယ်။ အဲဒီလိုအခါမှာ အဂတိလိုက်စားမှုနဲ့ လတ်ပေးလတ်ယူ ပြဿနာတွေက ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာကြီးတွေဖြစ်နေတတ်ကြတယ်။ )
အခုပြောခဲ့တဲ့ အခွင့်အရေးတွေအပါအ၀င် အခြားရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအားလုံး ရနေမယ်ဆိုရင် ကျောင်းဆရာရယ်မှမဟုတ်ပါဘူး ဘယ်ဝန်ထမ်းပဲဖြစ်ဖြစ် အနစ်နာခံတာဝန်ထမ်းစရာ မလိုတော့ဘူးပေါ့။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခုခု ဆုံးရှုံးနေပြီဆိုရင်လည်း " ပီတိကိုစားအားရှိပါ၏။ " ဆိုတဲ့စကားမျိုးနဲ့ ချွေးသိပ်နေမယ့်အစား ကိုယ်ရသင့်တဲ့အခွင့်အရေးကို တောင်းဆိုသင့်တာပေါ့။ အနစ်နာခံရတယ်ဆိုတာကိုက မညီမျှခြင်းသဘောကို ဆောင်နေလို့ လုံးဝမဖြစ်သင့်တဲ့အရာပါ။
ကျွန်တော်စဉ်းစားခဲ့သမျှအားလုံးကန့်လန့်တွေကြီး ဖြစ်နေမလားတော့မသိဘူး။ ကျောင်းဆရာတို့ရဲ့ဘ၀ကို စေတနာ၊ ၀ါသနာ၊ အနစ်နာ ဆိုတဲ့ နာ(၃)နာနဲ့ ပုံဖေါ်တာဟာ ဆဒ္ဒန်ဆင်နဲ့ ကြွက်ခလောင်း စေ့စပ်ကြောင်းလမ်းတာလောက်မှ မနီးစပ်ဘူးလို့ မြင်မိတယ်။

သင်ခန်းစာယူစရာ သမိုင်းပညာ( ပြည်သူလူထု သို့မဟုတ် အပြစ်မတင်ထိုက်သော)

(ဦးနာအောက်နဲ့ ပတ်သက်ပြီး ပို့စ်တစ်ခုရေးခဲ့တုန်းက ရန်လိုတယ်ဒေါသကြီးတယ်ဆိုပြီး စွပ်စွဲခံလိုက်ရတယ်။ ပြီးတော့ ကိုရွက်ဝါ အသေးအဖွဲလေးတွေအတွက် အချိန်ကုန်ခံမနေပါနဲ့ လို့လဲပြေသွားသေးတယ်။ ကျွန်တော်အတွက်တော့ သမိုင်းကိုပြန်သုံးသပ်ပြီး သင်ခန်းစာယူတဲ့အလုပ်ကို အသေးအဖွဲလို့ မမြင်။ အဲလိုသုံးသပ်တဲ့နေရာမှာလည်း ဘယ်သူ့မျက်နှာမှ မထောက်ပဲ သုံးသပ်ပါမှ ရိုးသားတယ်။ အဖြေမှန်ကိုရောက်နိုင်တယ်လို့ ထင်တာပဲ။ နောက်တော့ ပြည်သူလူထုဆိုတာ အပြစ်တင်ကောင်သော အရာမဟုတ်လို့လည်း ပြောခြင်တယ်။ အဲဒါကြောင့် ဒီပိုစ်ကိုရေးလိုက်ရတာပါ။)
သမိုင်းဆိုတာကို ရှေ့ကလူတွေရေးထားသမျှကို ဖတ်ထားမှတ်ထားရုံနဲ့ အကျိုးကျေးဇူးသိပ်မရှိနိုင်ပါဘူး။ တိမ်မြုတ်နေသေးတဲ့ အချက်အလက်တွေရှာရမယ်။ (ဒါကတော့ သမိုင်သုတေသီတွေနဲ့ ပိုဆိုင်ပါလိမ္မယ်။) လက်လှမ်းမီသမျှ အချက်အလက်တွေကို သုံးသပ်သင်ခန်းစာယူရမယ်။ ( ဒါကတော့ လူတိုင်းလုပ်သင့်တဲ့ အလုပ်လို့ထင်ပါတယ်။ ) ခုနှစ်တွေ လူနာမည်တွေကို အလွတ်ကျက်မှတ်ရုံနဲ့ သမိုင်းလေ့လာတယ်ဆိုတဲ့ အလုပ်ကပြီးပြီလား။ စာမေးပွဲပြီးရင်အားလုံးမေ့ပစ်လိုက်တာများပါတယ်။ သမိုင်းဖြစ်စဉ်တွေကနေ သုံးသပ်ပညာယူတာတွေမလုပ်နိုင်ရင် ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ မအအောင်လို့ ဆိုတဲ့ရည်ရွယ်ချက်ကလည်း ပြည့်ဝနိုင်ပါ့မလား။ ကလေးတွေကိုသမိုင်းသင်တာမှာ ဒီလိုဖြစ်ပါသည်လို့ သင်မပေးသင့်ဘူးထင်တယ်။ အဲဒါကသမိုင်း သင်တာမဟုတ်ပဲ အယူအဆတွေ ရိုက်သွင်းပေးတာနဲ့တူတယ်။ အချက်အလက်တွေအားလုံးကို ချပြပြီး ဘယ်လိုဖြစ်နိုင်လဲဆိုတာကို ဆုံးဖြတ်ခိုင်းရင် သူတို့ရဲ့ ဉာဏ်ရည်ကိုလည်း မြေတောင်မြှေက်ပေးရာရောက်ပြီး ပညာရေးစနစ်ရဲ့ ရိုးသားမှုလဲရှိသွားတာပေါ့။

မြန်မာ့သမိုင်းကိုကြည့်ရင် ကိုလိုနီခေတ်က အရှည်ကြီးပါ။ အဲဒီကာလ အရှည်ကြီးမှာ လွတ်လပ်ရေးရလိုစိတ်ဓါတ်တွေက တလျှေက်လုံးနိုးကြားနေခဲ့ကြလို့လား။ တိမ်မြုတ်အားနည်းနေတဲ့ ကာလတွေလည်းရှိမှာပါ။ အဲဒီအချိန်မှာရှိနေတဲ့လူတွေကို ကျွန်ဘွဲ့ခံလိုသူတွေဆိုပြီး အပြစ်တင်ကြမှာလား။ ပြည်သူတို့စိတ်ဓါတ်ဆိုတာ အခြေအနေတွေ အများကြီးအပေါ်မူတည်ပါတယ်။ အုပ်ချုပ်မှု ယန္တရားက ဖိနှိပ်မှုက အရမ်းအားကြီးလွန်းရင် ပြည်သူတွေဟာ မျက်စေ့နားတွေပိတ်ပြီး မိမိအခွင့်အရေး မိမိနားမလည် တောင်းဆိုရကောင်းမှန်းလည်းမသိလောက်အောင် အနေ ကြောက်နေတတ်ပါတယ်။ အဲဒါဖိနှိပ်သူရဲ့ အဆိုကြောင့်ဖြစ်တာ ပြည်သူ့အပြစ်မှမဟုတ်တာ။ နောက်တော့ ခေတ်အလိုက်ပေါ်ပေါက်လာတဲ့ စာပေ၊ စာနယ်ဇင်း၊ အနု ပညာရှင်တို့ရဲ့ လွှမ်းမိုးမှု။ ဒါကြောင့်လည်း သခင်ကိုတော်မှိုင်းလို ပုဂ္ဂိုလ်မျိုးကို စာပေနဲ့ ပြည်သူ့ကိုအလင်းဆောင်ပေးသူ၊ ကလောင်လက်နက်နဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူ၊ စသဖြင့်ခေါ်ကြတာပေါ့။ အဲလိုပုဂ္ဂိုလ်မျိုး ထွန်းကားတဲ့ခေတ်မှာ ပြည်သူတွေက အတွေးအခေါ်ပိုင်းမှာ ပိုတော်နေတတ်ကြပါတယ်။ အဲလိုပုဂ္ဂိုလ်မျိုးမထွန်းကားလို့ ပြည်သူတွေအနေကြရတာဆိုရင်ရော အကြောင်းရင်းက ရှင်နေပြီးသားမို့ ပြည်သူအပြစ်မရှိပါ။ နောက်ဆုံး ကျွန်တော်စဉ်းစားမိတာတစ်ခုက ခေတ်အလိုက်ပေါ်ပေါက်လာတတ်တဲ့ ခေါင်းဆောင်တွေရဲ့ လွှမ်းမိုးမှုပါ။ လူထုခေါင်းဆောင်တွေ စည်းရုံးရေးအရည်အချင်းရှိရင်ရှိသလို ပြည်သူလူထုက စည်းလုံးညီညွတ်ကြပြီး ညံ့ရင်ညံ့သလို ပြည်သူ့စည်းရုံးရေး ပြိုကွဲတတ်ပါတယ်။ တချို့သော အုပ်ချုပ်သူတွေက သူတို့အာဏာတည်မြဲအောင် အသေအချာ သွေးခွဲအုပ်ချုပ်တတ်ပါတယ်။ အင်္ဂလိပ်အစိုးရက သွေးခွဲအုပ်ချုပ်ခဲ့လို့ တောင်ပေါ်သားနဲ့ မြေပြန့်သား မယုံမကြည်းသွေးကွဲခဲ့ဘူးပါတယ်။ ဒါပေမယ့်ရိုးသားပြီး စည်းရုံးရေးအရည်အချင်ရှိတဲ့ သခင်အောင်ဆန်းလို ခေါင်းဆောင်မျိုးပေါ်လာတော့ အမှန်တကယ်စည်းလုံးချင်း မှတ်တိုင်တွေ စိုက်ထူပြီး လွတ်လပ်ရေးကို အတူတကွယူ နိုင်ခဲ့ပါတယ်။ အဲဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပြည်သူတွေကို အခုတစ်မျိုး တော်ကြာတစ်မျိုးဆို ပြီးအပြစ်တင်မှာလား။ မတင်သင့်ပါဘူး။ သွေးကွဲခဲ့ရတဲ့ အကြောင်းရင်း ပြန်လည်စည်းလုံးမှုတည်ဆောက်နိုင်ခဲ့ရတဲ့ အကြောင်းရင်း အားလုံးကို ပြန်လည်သုံးသပ်ပြီး သင်ခန်းစာယူဖို့သာရှိပါတယ်။
ပြည်သူတစ်ရပ်လုံးအနေနဲ့ ပြောလာမယ်ဆိုရင် သူတို့ရဲ့အရည်အချင်းတွေ၊ အတွေးအခေါ်တွေ၊ သဘောထားတွေဟာ သူတို့ရင်ဆိုင်နေရတဲ့ အုပ်ချုပ်ရေးစနစ်၊ တစ်ခေတ်တည်းပေါ်ပေါက်ခဲ့တဲ့ စာပေ၊ အနု ပညာရှင်တို့ရဲ့ လွှမ်းမိုးမှု၊ လူထုခေါင်းဆောင်တို့ရဲ့ အရည်အချင်းတွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ တစ်ခြားကျွန်တော်မစဉ်းစားမိတဲ့ အချက်တွေလည်းအများကြီးရှိနေနိုင်သေးပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူတစ်ရပ်လုံးအနေနဲ့ အရမ်းအနေရင် (ဥပမာ ..မွေးရာပါ မိမိအခွင့် အရေးတောင်နားမလည်ရင်)၊ အရမ်းဆိုးနေရင် (ဥပမာ ..မူးရစ်ဆေးတွေ ၀ယ်လိုအားကောင်းနေရင်)၊ အရမ်းခိုက်ရန်ဒေါသတွေပွားပြီး စည်းလုံးမှုပြိုကွဲနေရင် (ဥပမာ ..ပြည်တွင်စစ်တွေဖြစ်နေရင်) တစ်ခုခုတော့ မှားနေပြီ။ အထက်ကပြောခဲ့တဲ့ အကြောင်းတွေ ဘာတွေအားကောင်းပြီး ဘာတွေအားနည်းနေလဲ။ နောက်ထပ်ရောဘာအကြောင်းတွေရှိနိုင်သေးလဲ။ ဒါကိုပဲစဉ်းစားအဖြေရှာသင့်ပါတယ်။ ပြည်သူကိုအပြစ်မတင်သင့်ပါ။
လက်ရှိပြည်သူတွေကို အပြစ်တင်ခြင်တဲ့လူရှိရင်လည်း ကိုယ့်ကိုကိုယ် မေးကြည့်စေချင်ပါတယ်။ တို့ပြည်သူတွေမအအောင်၊ မဆိုးအောင်၊ စည်းလုံးညီညွတ်အောင် အသင်ဘယ်လောက်လုပ်ပြီးပါပြီလဲ။ ဘယ်လောက်ကြိုးပန်းအားထုတ်ခဲ့ပါသလဲ။ လုပ်ပိုင်ခွင့်ရောဘယ်လောက်ရှိခဲ့ပါသလဲ။ အခုပြောခဲ့တာတွေ တစ်ခုခုအားနည်းနေခဲ့ရင် ဘာကြောင့်လည်းဆိုတဲ့ အကြောင်းရင်းကိုရှာကြည့်ပါ။ ပြည်သူလူထုမှာအပြစ် မရှိတာထင်ရှားသွားပါလိမ္မယ်။
(ဦးနာအောက်ကျရှုံးရတာ ပြည်သူကအာမပေးလို့ပါလို့ ဆိုချင်လည်းဆိုကြပါ။ ကျွန်တော်ကတော့ ဟုတ်မယ်မထင်ပါ။ ဟုတ်တယ်လို့ ဆိုရင်လည်း ပြည်သူကို အပြစ်တင်ရင်တော့ အဲဒီခေတ်က ပြည်သူတွေဘက်က ရှေ့နေလိုက်ရပါလိမ္မယ်။ အဲဒီခေတ်က တိုင်းရင်းသားကိုအားပေးရေး နယ်ချဲ့နိုင်ငံခြားသားကိုအားမပေးရေး (ဆိုတဲ့ ၀ံသာနု) စိတ်ဓါတ်ကို လှုံ့ဆော်ပေးမယ့် ပုဂ္ဂိုလ်မပေါ်ခဲ့ လို့နေမှာပါ။ အဲဒီလိုပုဂ္ဂိုလ် ရှိခဲ့ရင်လည်း နယ်ချဲ့အစိုးရက ဖိနှိပ်ထားခဲ့လို့ ပြည်သူကြားမှာဝံသာနုစိတ် အားနည်းခဲ့တာဖြစ်ရပါမယ်။)

ဈေးကွက်ဝင်ပညာရေးစနစ် (၁)

ဈေးကွက်ဝင်ပညာရေးစနစ် (၁)
( ကျွန်တော်တို့နိုင်ငံ လက်ရှိပညာရေး စနစ်က ပေးလိုက်သော ပညာများသည် ကျောင်းဆင်းလူငယ်များအတွက် လက်တွေ့ဘ၀တွင် အသုံးမတည့်လှဘူးထင်၍ (ဈေးကွက်မ၀င်ဘူးထင်၍ ဒီပို့စ်ကို ရေးလိုက်ခြင်းဖြစ်ပါသည်။ http://educationinmyanmar.blogspot.com ဘလော့ဂ်မှ အနာဂါတ်အတွက် ရင်သွေးငယ်များ ပို့စ်တွင် ဒီအကြောင်း comment ရေး၍ ဆွေးနွေးဘူးပါသည်။ ဆွေးနွေးခဲ့စဉ်က အခြေခံပညာ အကြောင်းသာပါခဲ့ပါသည်။ အခုဒီပို့စ်တွင် အဆင့်မြင့်ပညာ အကြောင်းအဓိက ထား၍ပြောသွားပါမည်။)
လက်ရှိမြန်မာနိုင်ငံ တက္ကသိုလ်ကြီးများတွင်( အဝေး နှင့် ဒေး ) ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ကြီးသည် ကျောင်းသားအရေအတွက်အများဆုံး ဖြစ်မည်ထင်ပါသည်။ ၄င်းတက္ကသိုလ်မှ ဆင်းလာသော ကျောင်းသားမျာသည် B. A. သို့မဟုတ် B. Sc. ဘွဲ့များကိုရရှိကြပါသည်။ ဘွဲ့ရပြီးနောက် အများစုက မိရိုးဖလာ စီးပွာရေး ( ဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအ၀ယ်၊ နှင့် စက်ရုံအလုပ်ရုံ စသည်) လုပ်ငန်းတို့ကို လုပ်ကြသူကများပါသည်။ မိမိအဓိကယူခဲ့သော ဘာသာတွဲနှင့် ပတ်သက်သည့် (ပုဂ္ဂလိက၊ အစိုးရ) အလုပ်အကိုင် ရရှိသူလည်းရှိပါသည်။ သိုသော် ကျောင်းဆင်းအရေအတွက်နှင့် စာလျှင် အရမ်းနဲပါသည်။ ထို့ကြောင့် တက္ကသိုလ်ကပေးလိုက်သော ပညာမှာ ဘွဲ့ရအများစုအတွက် အသုံးမတည့်သလို ဖြစ်နေပါသည်။ ကျောင်းသားအများစုအတွက် ငွေကုန်၊ အချိန်ကုန်ခံ ကျောင်းတတ်ခြင်းက အမြီးတပ်လို့ရရုံ၊ ဘွဲ့ဓါတ်ပုံရိုက်လို့ရရုံ လောက်သာဖြစ်နေတယ်လို့ ထင်ပါသည်။
ဘွဲ့ရပုဂ္ဂိုလ်အများအတွက် တက္ကသိုလ်က ပေးလိုက်သော ပညာဟာ အသုံးမ၀င်သလိုဖြစ်လာရင် တက္ကသိုလ်ရှိနေခြင်းကပင် အဓိပ္ပါယ်မရှိနိုင်တော့ဟုထင်ပါသည်။ ထို့ကြောင့်ကျောင်းသားအများစုတတ်သော ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ကြီးများကို ဈေးကွက်ဝင်သည့် ပညာတွေပေးနိုင်သော ကျောင်းကြီးတွေအဖြစ် ပြောင်လဲပေးလိုက်နိုင်ရင်ပိုကောင်းလိမ္မည်ဟု ထင်ပါသည်။ ကျောင်းဆင်းအများစု ကျင်လည်ရမယ့် ဘ၀တွေဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေး၊ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး ဆိုင်ရာ အသိပညာတို့ကို ပေးလိုက်နိုင်ရင် (ကျောင်းသားများရဲ့ လက်တွေ့ဘ၀မှာ ပိုမိုအသုံးတဲ့နိုင်တာမို့) ပိုမိုတိုးတတ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။ အဲလိုအပြောင်းအလဲ တွေလုပ်မယ်ဆိုရင်တော့ လက်ရှိသုံးစွဲနေတဲ့ ဌာနတို့ ဘွဲ့တို့ရဲ့ အမည်တွေပြောင်းလဲသွားနိုင်ပါတယ်။
ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး စနစ်တွေ အရမ်းကိုမြင့်နေပါပြီ။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး နိုင်ငံဖြစ်ပေမယ့် (တောင်သူလယ်သမားတို့ တတ်မြောက်ထားတဲ့) စိုက်ပျိုးရေး နည်းပညာဟာ မိရိုးဖလာအဆင့် ထက်မသာသေးဘူးထင်ပါတယ်။ ရေဆင်းတက္ကသိုလ် အခြေအနေတော့
မသိပါ။ ကျေးလက်နေလူဦးရေ အရမ်းများပြားသော ကျွန်တော်တို့နိုင်ငံအနေနဲ့ စိုက်ပျိုး၊ မွေးမြူရေး နည်းပညာ နိမ့်ကျမှုကို လစ်လျူရှုပြီး အဆင့်မြင့်သိပ္ပံပညာ နောက်ကို လိုက်နေခြင်းကတော့ ပုဆိုးဖင်ပေါက်ကို မဖါပဲ ပလက်တီနန်ဆွဲကြိုး ၀ယ်လိုသူနဲ့တူနေပါတယ်။ အဲဒီဆွဲကြိုးကြီးအမှန်တကယ် ၀ယ်နိုင်ရင်တောင် မတင့်တယ်နိုင်သေးပါ။

ဈေးကွက်ဝင်ပညာရေးစနစ် (၂)

ဈေးကွက်ဝင်ပညာရေးစနစ် (၂)
အခုဆက်ပြောမယ့် အပိုင်းကတော့ နည်းပညာတက္ကသိုလ်နဲ့ ပိုဆိုင်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းဖြစ်တွေက အရည်အချင်းညံ့နေတော့ နိုင်ငံခြားဖြစ်ပစ္စည်းဆိုမှ အထင်ကြီးတာက တော်တော် အခြေအနေဆိုးနေပြီ။ အခုဆိုရင် ကလေးကစားစရာ ပစ္စည်းတောင်နိုင်ငံခြားက ၀ယ်လာမှ (ပို့ပေးမှ) ဂုဏ်ရှိသလိုဖြစ်နေပြီ။ နိုင်ငံခြားတိုင်းပြည်တွေက အရာရာမှာကိုယ့်ထက် တိုးတတ်နေကြတော့ သူတို့ဆီက လာတဲ့ ပစ္စည်းတွေက ပိုကောင်းနေကြမှာပါ။ ဒါပေမယ့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲအတွက် ရေပြွတ်ထုတ်တဲ့ လုပ်ငန်းကိုတော့ မြန်မာနိုင်ငံက ရှေ့တန်းက ဦးဆောင်မနေရင်တောင် နောက်တော့ကျမနေသင့်ဘူးထင်တယ်။ ခုတော့ ဒါကိုလည်း နိုင်ငံခြားကပဲ ၀ယ်သုံးနေရတာပါပဲ။ ကျွန်တော်တို့ နည်းပညာတက္ကသိုလ်က သက်ဆိုင်ရာဌာနတွေ ဘာတွေလုပ်နေကြလဲ။ အခြားအဆင့်မြင့်တဲ့ သုတေသနတွေလုပ်နေရတာနဲ့ အလှမ်းကျယ်အလယ်လပ် ဖြစ်နေတာလား။ ဘာအခက်အခဲတွေများ ရှိနေကြလို့လဲ။ တကယ်ဆိုရင် ဒီလိုပစ္စည်းမျိုးကို ပြည်တွင်းတက္ကသိုလ်တွေက ရှာဖွေတွေ့ရှိထားတဲ့ နည်းပညာတွေနဲ့ ပြည်တွင်းကစက်ရုံတွေမှာပဲ အကောင်းဆုံး ထုတ်လုပ်နိုင်သင့်ပါတယ်။ (ရိုးရာသင်္ကြန် သံချပ်ကလည်း နိုင်ငံခြားကလာမှ နားထောင်လို့ ရတော့တယ်လို့ စဉ်းစားမိတော့ ရေပြွတ်ကိုနိုင်ငံခြားက ၀ယ်သုံးရတာလည်း မဆန်းပါဘူး လို့ပြောလို့လည်းရမလားမသိဘူး။) ရိုးရာပွဲတော်အတွက် ကလေးကစားစရာကို ပြည်ပကတင်သွင်း နေရတဲ့ အဖြစ်က မြန်မာစာကောင်းကောင်းတတ်ခြင်ရင် လန်ဒန်ယူနီဗာစီတီ သွားတတ်ရတယ်ဆိုတာမျိုးလို ဖြစ်နေပြီ။
ဒီအကြောင်းတွေက ပြောရရင်အများကြီးပဲ။ ကျောင်းသားသုံးစာရေးကိရိယာ အမျိုးမျိုး၊ အင်ဂျင်နီယာ ကျောင်းသားသုံး T-square, set-square တွေအပြင် ပေတံကအစ ပြည်တွင်းမှာ ထုတ်လုပ်နိုင်အောင် မကြိုးပန်းကြဘူးထင်တယ်။ လျှပ်စစ်စွမ်းအားမလုံလောက်မှု ကြောင့်ဈေးကွက်ဝင်လာတဲ့ ပစ္စည်းတွေ (ဥပမာ ..အရေးပေါ်လျှပ်စစ်မီးအိမ်၊ မီးအားမြှင့်စက်၊ UPS) ကိုလည်း ပြည်တွင်မှာထုတ်လုပ်တာလည်း ရှိတော့ရှိပါလိမ္မယ်။ ဒါပေမယ့် တရုတ်နိုင်ငံက ၀ယ်ယူရတာတော့ တော်တော်များတယ်ထင်တယ်။ မီးအားမပြည့်တာက မြန်မာပြည်ရဲ့ သီးသန့်ကိုယ်ပိုင်ပြဿနာပါ။ အခုပြောခဲ့တဲ့ ပစ္စည်းတွေက အခြားနိုင်ငံမှာဆိုရင် သိပ်ရောင်းရမယ်မထင်ပါဘူး။ ဒီပစ္စည်းထုတ်လုပ်ဖို့နည်းပညာဆိုတာ၊ ဒီပစ္စည်းတွေထဲက circuit ဆိုတာတွေဟာ မြန်မာတွေလိုက်လို့ မမီနိုင်လောက်အောင် ခက်ခဲမြင့်မားနေတာတော့ မဟုတ်လောက်ပါဘူး။ မဟာတန်း ပါရဂူတန်းတွေလည်း ဖွင့်လစ်သင်ကြားနေတယ်ဆိုတော့ သုတေသနလုပ်ငန်းတွေလည်း လုပ်တော့ လုပ်နေကြမှာပါ။ မိမိတို့ရဲ့ဈေးကွက်လိုအပ်ချက်နဲ့ မိမိတို့ပြည်သူတွေကြားက ပြဿနာတွေကို လေ့လာမှုအားနည်းနေကြပြီး ကျောင်းပြထမ်းချက် ပြီးဆုံးအောင်သင်တာလောက်နဲ့ပဲ ကျေနပ်နေရတာများတယ် ထင်ပါတယ်။
ဈေးကွက်ဝင်ပညာရေးစနစ် ပို့စ်ကို ရေးရတဲ့အကြောင်းကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေလေးတွေကို ကျွန်တော်စဉ်းစားမိသလောက် ပြောပြချင်လို့ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်နေဆဲ ဆရာ ဆရာမတွေကို အပြစ်ပြောလိုခြင်းမရှိပါ။ သူတို့မှာလည်း ကျွန်တော်စဉ်းစားသလို (ကျွန်တော် စဉ်းစားသည်ထက် ပိုကောင်းသော )အတွေးတွေရှိ နေနိုင်ပါတယ်။ အခက်အခဲအမျိုးမျိုးကြောင့် စိတ်သွားတိုင်းကိုယ်မပါ ဖြစ်နေရတဲ့ အနေအထားတွေလည်း ရှိနိုင်ပါတယ်။ အပြင်ကဝေဖန်သူဆိုတာ အမှန်တကယ်အလုပ်လုပ်နေတဲ့ လူလောက်တော့ လုပ်ငန်းခွင်အခက်အခဲကို နားမလည်းနိုင်ပါ။ ဒါကြောင့် ဒီပို့စ်မှာအားနည်းချက်တွေ အများကြီးရှိနေနိုင်ပါတယ်။
(အနာဂါတ်တွက် ရင်သွေးငယ်များ ပို့စ်မှာ comment ရေးခဲ့စဉ်က အခြေခံပညာ အဆင့်မှာ လက်တွေ့ဘ၀အတွက် အမှန်တကယ် အသုံးဝင်မယ်ထင်သော အကြောင်းအရာတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ အဲဒီတုန်းက မပြောခဲဖြစ်တာလေးကို ဒီမှာနည်းနည်းပြောလိုပါတယ်။ ကျား/မ သဘာဝ အသက်အရွယ်အလိုက် တွေ့ကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာတွေ၊ အိမ်ထောင်ရှင်တွေသိထားသင့်တဲ့ ကျန်းမာရေး အသိပညာတွေဆိုတာကိုလည်း ( ဆရာဝန်အချို့ကတော့ ပညာပေးစာအုပ်ကြီးတွေ ရေးသားထုတ်ဝေနေတာ ရှိပေမယ့်) အစိုးရပညာရေးမှာတော့ (အခြေခံအဆင့်ရော အဆင့်မြင့်ပညာအဆင့်မှာပါ) လုံးဝမပါဝင်တာတွေ့ရပါတယ်။ လူငယ်တချို့ကြားမှာဆိုရင်လည်း အဲဒီလိုပညာပေးစာအုပ်တွေ ဖတ်ရမှာ (မေးမြန်းဆွေးနွေးရမှာ) ကိုရှက်ရမှာလို ကြောက်ရမှာလိုထင်နေကြတယ်။ လူတိုင်းနဲ့သက်ဆိုင်တဲ့ အသိပညာတွေဆိုရင် အခြေခံပညာ အထက်တန်းအဆင့် ကတည်းက စနစ်တကျ သင်ပေးလိုက်သင့်တယ်ထင်ပါတယ်။)

ပညာသိုက်

ပညာသိုက်

ဆရာတိုက်စိုး၏ စာကြည့်တိုက်ဆိုင်ရာ ဆောင်းပါးများကို စုစည်း ထုတ်ဝေလိုက်သော စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။ စာအုပ်တွင် ခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့သော စာကြည့်တိုက် သမိုင်းကြောင်းများ၊ မြန်မာ့စာကြည့်တိုက် ဖြစ်စဉ်သမိုင်းစုံကို တင်ပြရှင်းလင်းထားပါသည်။ နိုင်ငံတစ်နိုင်ငံအတွက် စာစုံရှိသော စာကြည့်တိုက်တို့၏ ဂုဏ်ဝင့်ထည်ပုံကို ထင်သာမြင်သာအောင်ဖော်ပြထားသည်။ ဆရာကြီးဇေယျသည် လမ်းဘေးစာအုပ်ဆိုင်လေးများကို လမ်းဘေးတက္ကသိုလ်ဟု သုံးနှုန်းခဲ့ဖူးသည်။ သို့ဆိုလျှင် စာကြည့်တိုက်ဟူသည် ပြည်သူပြည်သားတို့အတွက် ကျောင်းပြင်ပတက္ကသိုလ်ပင် ဖြစ်လိမ့်မည်။ နိုင်ငံတစ်နိုင်ငံအတွက် ပညာအလင်းသည် အလွန်ပင်အရေးကြီးပါသည်။ အတွေးအခေါ် အမြော်အမြင်ရှိ၍ နိုင်ငံအကျိုးအမှန်ပင်လိုလားသော ခေါင်းဆောင်တိုင်းသည် ပြည့်မျက်လုံးကို ဖွင့်ပေးရာ၏။ ပြည့်မျက်လုံးဟူသည် ပညာပင်ဖြစ်သည်။ ထို ထိုသော ပညာရပ်များစုစည်းရာ ဌာနသည် စာကြည့်တိုက်ပင်ဖြစ်ပါသည်။

မြန်မာ့စာကြည့်တိုက် သမိုင်းကို ပြန်ကြည့်သော် ပုဂံခေတ်ကိုပင် ညွှန်းရမည်ဖြစ်သည်။ အနော်ရထာမင်းစောသည် သထုံကို တိုက်ခိုက်သိမ်းသွင်း၍ ပိဋကတ်အစုံသုံးဆယ်ကို ပုဂံပြည်သို့ ပင့်ဆောင်ခဲ့သည်။ ထိုပင့်ဆောင်ခဲ့သော ပိဋကတ်အစုံကို ရတနာအတိဖြစ်သော ပြသာဒ်ဝယ်ထား၍ အရိယာသံဃာတို့အား သင်ကြားပို့ချရ၏ဟု ရာဇ၀င်၌ လာလေသည်။ ပိဋကတ်တို့ထားရှိရာ ထိုအုတ်တိုက်ကို အနော်ရထာမင်းစော၏ ကောင်းမှုတော်ဟူ၍လည်းကောင်း၊ ပိဋကတ်တိုက်ဟူ၍လည်းကောင်း ခေါ်ခဲ့ကြသည်။ တဖန် ကျန်စစ်သားမင်းလက်ထက်၌ မြကန်သာအနီး တူရွင်းတောင်ခြေတွင် ပိဋကတ်တိုက်တော်ရှိခဲ့သည်ကို သမိုင်းအထောက်ထားများအရ သိရပြန်သည်။ ၁၄၄၂ ခုနှစ်၌ တောင်တွင်းမင်း မင်းသီရိဇေယျသူရမောင်နှံသည် ပုဂံ၌ ကျောင်းဆောက်၍ ကျမ်းပေါင်းလေးရာခန့် လှူဒါန်းခဲ့ကြောင်း သိမှတ်ရသည်။ ပိဋကတ်စာလှူဒါန်းသော၊ ပိဋကတ်တိုက်ထူထောင်သော အစဉ်အလာသည် အင်းဝ၊ ကုန်းဘောင်ခေတ်ဆက်ဆက်တိုင် တည်တံ့ခဲ့လေသည်။

၁၉ ရာစုအကုန်တွင် အင်္ဂလိပ်နှင့်ဒုတိယအကြိမ်စစ်ဖြစ်၍ အထက်မြန်မာနိုင်ငံနှင့် အောက်မြန်မာနိုင်ငံ ဟူ၍နှစ်ခြမ်းကွဲလေသည်။ ၁၈၈၃ ခု၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ ကော်မရှင်နာလမ်း၊ အစိုးရကျောင်း၌ အမိုးချွန်ချွန်နှင့် သစ်သားအဆောက်အအုံလေးတစ်ခု ပေါ်ပေါက်လာသည်။ ဗားနတ် အခလွတ် ပိဋကတ်တိုက်ဟု ခေါ်တွင်လေသည်။ မဟာဝန်ရှင်တော်မင်းကြီး ချားလ်ဗားနတ်ကို ဂုဏ်ပြုချင်သောကြောင့် ဖြစ်ပေသည်။ အခလွတ်ဟုဆိုခဲ့ခြင်းမှာ ဆင်းရဲချမ်းသာမရွေး ငှားရမ်းသုံးစွဲနိုင်ခြင်းကြောင့်ဖြစ်လေသည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် မန္တလေးနန်းတော်ကို သိမ်းပိုက်ခဲ့လေသည်။ ထိုမှရရှိသော ပေပုရပိုက်စာစုတို့ကို သုံးစုခွဲ၍ ယိုးဒယားဘုရင်ထံသို့လည်းကောင်း၊ လန်ဒန်မြို့ရှိ အိန္ဒိယပြည်ဆိုင်ရာ အတွင်းဝန်ရုံး ပိဋကတ်တိုက်သို့ လည်းကောင်း၊ ကျန်တစ်စုသည် ရန်ကုန်မြို့ မဟာဝန်ရှင်တော်မင်းကြီးမှတဆင့် ဗားနတ်ပိဋကတ်တိုက်သို့ လည်းကောင်း ရောက်ရလေသည်။

ဗားနတ်တိုက်သည် ခေတ်ကာလအရ ဦးပေါ်ဦးလျှောက်ထုံးကျမ်းပြု ဆရာအောင်၊ သဘင်ပညာသုတေသီ ဦးနု၊ လေးချိုးကြီး ဆရာလွန်း၊ စာရေးဆရာ ဇေယျ၊ စာရေးဆရာ သိပ္ပံမောင်ဝ စသော မြန်မာမှုလိုက်စားသူများအဖို့ မှီခိုလဲလျောင်းရာဌာနဖြစ်ခဲ့သည်။ သို့သော် ထိုစာကြည့်တိုက် ပိဋကတ်တိုက်မျိုးသည် ၁၉၃၀ ခုနှစ်အထိ ရန်ကုန်တွင် တစ်ခုတည်းသည်ရှိခဲ့သည်။ ၁၉၁၈ ခုနှစ်တစ်ဝိုက်တွင် မြန်မာအများစု၌ ၀ံသာနုရက္ခိတစိတ်များ တိုးပွားလာခဲ့သည်။ အမျိုးဘာသာ၊ သာသနာ၊ ပညာမြှင့်တင်ရန် ၀ိုင်အမ်ဘီအေအသင်းကြီးကို ထူထောင်ခဲ့ကြသည်။ ၁၉၂၈ ခုနှစ်၌ ဒေါက်တာဘခက်၊ ဦးဖာနိဗယ် စသောပုဂ္ဂိုလ်များက မြန်မာပြည် ပညာပြန့်ပွားရေးအသင်း တည်ထောင်၍ မြန်မာဘာသာစာအုပ်များကို လည်းကောင်း၊ အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာစာအုပ်များကို လည်းကောင်း လူအများဖတ်ရှုနိုင်စေရန် အမြို့မြို့၌ အများပြည်သူတို့နှင့်ဆိုင်သော ပိဋကတ်စာတိုက်များကို ဖွင့်လှစ်ပေးခဲ့သည်။

စစ်ကြီးအပြီး မြန်မာနုင်ငံလွတ်လပ်ရေးရလာသည့်အခါ စာကြည့်တိုက်များ ပေါများလာခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ယဉ်ကျေးမှုဌာနသစ်တစ်ခု တိုးလာသည်။ ထိုဌာနသည် ဗားနတ်ပိဋကတ်တိုက် အကြွင်းအကျန်ကို သိမ်းယူ၍ အမျိုးသား စာကြည့်တိုက် ထူထောင်ရန် စတင်စီမံလေသည်။ ယဉ်ကျေးမှုဌာနကပင် ယဉ်ကျေးမှု စာကြည့်တိုက်၊ ပြတိုက်များဟူ၍ မော်လမြိုင်၊ ကျောက်ဖြူ၊ ပုသိမ်၊ မန္တလေးမြို့တို့တွင် ထပ်မံဖွင့်လှစ်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် မြို့ရွာ ၇၄ ခုတွင် ပြန်ကြားရေး စာကြည့်တိုက်ငယ်များ ထူထောင်နိုင်ခဲ့သည်။ ထို့အတူ စာကြည့်တိုက်ကြီးများ အဖြစ်ဖြင့် ၁၉၅၄ ခုနှစ်တွင် စက်မှုပညာ ဗဟိုပြန်ကြားရေးဌာနစာကြည့်တိုက်၊ ၁၉၅၅ ခုနှစ်တွင် တပ်မတော်မော်ကွန်း စာကြည့်တိုက်နှင့် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်စာကြည့်တိုက်၊ ၁၉၅၆ ခုနှစ်တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်စသည်ဖြင့် သူ့ဌာနနှင့်သူ ထူထောင်ခဲ့ကြပြန်လေသည်။ တက္ကသိုက်အသီးသီးနှင့်အတူ စာကြည့်တိုက်များလည်း ယှဉ်တွဲပေါ်ပေါက်လာခဲ့သည်။ ထို့အတူ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ဟူ၍ ပြန်လည်ဖွဲ့စည်းခဲ့လေသည်။ ၁၉၇၁ ခုနှစ်တွင် ရန်ကုန် ၀ိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်သည် စာကြည့်တိုက်ဌာနသစ်တစ်ခုကို ဖွင့်လှစ်ခဲ့လေသည်။

ယခုအခါ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်များလည်း ကျေးရွာ အနှံ့အပြား ပေါ်ပေါက်လာကြသည်။ စာကြည့်တိုက်များပေါများလာခြင်းနှင့်အတူ စာအုပ်လိုအပ်ချက်နှင့် ထောက်ပံ့နိုင်မှုလည်း အားနည်းလာသည်။ ပြန်ကြားရေးစာကြည့်တိုက်များတွင်လည်း ဆွဲခန့်စာကြည့်တိုက်မှူးများကြောင့် စာစု၊ စာပြု၊ စာဖြန့် လုပ်ငန်းများ အားနည်းလာသည်။ မငှားရမ်းသည့်စာအုပ်များ၊ ဖတ်ခွင့်လုံးဝမရသည့် စာအုပ်များပင်ရှိလာသည်။ စာအုပ်ငှားရမ်းချင်သည့်အခါ စာကြည့်တိုက်မှူး လိုက်ရှာနေရသည်ကပင် အလုပ်ကြီးတစ်ခုဖြစ်နေသည်။ ဆိုင်ရာမှလည်း စာကြည့်တိုက်တို့၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုတို့ကို အရေးယူ စုံစမ်းခြင်း မရှိ။ အချင်းချင်း လက်ဝါးရိုက်၍ ပြီးနေခြင်းသည် ပြည်သူတို့အား မျက်လုံးပိတ်ထားခြင်းနှင့်တူပေသည်။ စာကြည့်တိုက်များ ပေါများလာခြင်းသည် ကောင်းသောလက္ခဏာဖြစ်၍ စာကြည့်တိုက်စည်းကမ်း လျော့ရဲလာခြင်းနှင့် စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျ မဆောင်ရွက်နိုင်ခြင်းသည် အနုတ်လက္ခဏာပင်ဖြစ်သည်။

ဟိုးယခင် ပုဂံမင်းဆက်မှသည် လွတ်လပ်ရေးရပြီး ခေတ်နောက်ပိုင်းတိုင်အောင် စာကြည့်တိုက်သမိုင်းသည် အစဉ်လာကောင်းခဲ့ပါသည်။ သူ့ကျွန်ဘ၀မှ လွတ်မြောက်၍ သခင်ဘ၀ရောက်အောင် စာကြည့်တိုက်များသည် အလင်းရောင်ပေးခဲ့ပေသည်။ ထိုအလင်းရောင်သည် ကမ္ဘာ့နိုင်ငံများနှင့် တန်းတူရည်တူဖြစ်အောင်လည်း ပေးစွမ်းနိုင်ပါသည်။ ထိုအလင်းရောင်မီးမှိန်ရခြင်း၊ အားနည်းရခြင်းသည် နိုင်ငံနိမ့်ကျရခြင်း အကြောင်းရင်းပေတည်း။ ထိုသို့ဖြစ်အောင် မည်သူတို့ဖန်တီးသနည်း။ ဘာကြောင့်ထိုသို့ဖန်တီးသနည်း။ စာကြည့်တိုက်သည် ပညာသိုက်ကြီးဖြစ်ပေသည်။ ပညာဟူသည် အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းသည်။ ထိုးထွင်းကြံဆနိုင်သည်။ ပညာမျက်လုံး ဖောက်ထုတ်ခြင်းသည် ကိုယ်ပြောသမျှ အမှန်ဖြစ်နေစေလိုခြင်းပင်ဖြစ်သည်။

ဗုဒ္ဓအဆုံးအမအရ အရာရာကို ဝေဖန်ပိုင်းခြားနိုင်ခွင့် ရှိရမည်။ ပြည်သူတို့၏ ဆန္ဒကို အမှန်တိုင်းထုတ်ဖော်ခွင့်ရှိရမည်။ အမှား၊ အမှန်ကို ဝေဖန်နိုင်ခြင်းသည် ပညာအရာဖြစ်ပါသည်။ ယခုလို ပိတ်ဆို့နေသော ခေတ်ကြီး၌ အွန်လိုင်း ပညာသိုက်များ ဟိုဟိုဒီဒီမှ ထွက်ပေါ်လာခြင်းသည် ၀မ်းသာစရာပင်။ ရှိပြီးသော အွန်လိုင်းပညာသိုက်များ ဆက်လက်တည်တံ့နိုင်စေရန်နှင့် အသစ်သစ်သော ပညာသိုက်လေးများ ပေါ်ထွန်းလာစေကြောင်းလည်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Saturday, September 5, 2009

Electrocardiography အကြောင်းသိကောင်းစရာ

Electrocardiography (ECG) ဆိုတာကတော့ နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါလက္ခဏာတွေကို လေ့လာစမ်းသပ်ရာမှာ အလွန်ကိုထိရောက်ပြီး အရေးပါလှတဲ့ နည်းစနစ် (Method) တစ်ခုဖြစ်ပါတယ်။ ECG signal တစ်ခုဖြစ်ပေါ်လာပုံကို မပြောခင်မှာ နှလုံးဘာကြောင့်ခုန်ရလဲ ဆိုတာကို အရင်ဆုံး ရှင်းပြပါမယ်။
နှလုံး(Heart)ဟာ ကြွက်သားအပြည့်နဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂါအစိတ်အပိုင်း (Organ) တစ်ခုဖြစ် ပါတယ်။ နှလုံးမှာ အပိုင်း ၂ ပိုင်း ရှိပြီး ဘယ်ဘက်ပိုင်းကတော့ သွေးလွှတ်မှုအပိုင်း(Arterial) နဲ့ ညာဘက်ပိုင်းကတော့ သွေးပြန်မှုအပိုင်း (Venous) တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် အပိုင်းတစ်ပိုင်းစီမှာလည်း အခန်း ၂ ခန်း စီထပ်ရှိနေပါသေးတယ်။ နှလုံးရဲ့ အထက်ပိုင်းအခန်း (Auricle/Atrium) နဲ့ အောက်ပိုင်း အခန်း (Ventricle) တို့ပဲဖြစ်ပါတယ် ။ နှလုံး သည် အလိုအလျောက်ဆောင်ရွက်ခြင်း (Automatism) ၊ လှုံ့ဆော်ခြင်း (Excitability)၊ လျပ်ကူးစီးဆင်းခြင်း (Conductivity) ၊ ကျုံ့နိုင်ဆန့်နိုင်ခြင်း (Contractility) ဆိုတဲ့ လုပ်ငန်းစဉ်တွေကို ပုံမှန်လုပ်ဆောင်ပေးပါတယ်။


နှလုံးဟာ လျပ်ကူးစီးဆင်း မှု (Conductivity) ဖြစ်ပေါ်စေရန်အတွက် Impulse တွေကို ကိုယ်တိုင်ထုတ်လွှတ်နိုင်စွမ်း ရှိပါတယ်။ အထူးသဖြင့် နှလုံးရဲ့ ညာဘက်အပေါ်ပိုင်းအခန်း (Right Atrium) မှာရှိတဲ့ Sinus (Sinoatrial) Node (သို့) SA Node (နှလုံးရဲ့ ပထမဦးဆုံး လှုံ့ဆော်မှုအပိုင်း) ဧ။် လှုံ့ဆော်မှုကို ဖြစ်ပေါ်စေရန်အတွက် Impulse ကိုထုတ်ပေးပါတယ်။ သာမန်အနားယူနေတဲ့ လူတစ် ယောက်မှာဆိုရင် အဲဒီ SA node ဟာ တစ်မိနစ်မှာ Impulse အကြိမ် ၆၀ မှ ၈၀ အထိ (အများဆုံး ၁၀၀) ထုတ်ပေးနိုင်ပါတယ်။ ရောဂါရှာဖွေ စမ်းသပ်နိုင်ရန်အတွက် နှလုံးခုန်ခြင်း (Heart Rhythm) ရဲ့ အဓိက ဇာစ်မြစ်ကတော့ Atrioventricular Node (AV node) (ဒုတိယလှုံ့ဆော်မှုအပိုင်း) ပဲ ဖြစ်ပါတယ်။ အဲဒီအပိုင်းကတော့ တစ်မိနစ်မှာ Impulse ပျမ်မျှ ၄၀ မှ ၅၀ အထိ ထုတ်ပေးနိုင်ပါတယ်။ တတိယမြောက် လှုံ့ဆော်မှု အပိုင်း ကတော့ နှလုံးရဲ့အောက်ပိုင်းအခန်း (Ventricles) ၂ ခန်းရဲ့ ကြွက်သားများ (Ventricular Muscle) တွေမှာရှိတဲ့ Purkinje fibers ပဲဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ တစ်မိနစ်ကို Impulse ပျမ်းမျှ ၂၀ မှ ၄၀ အထိထုတ်ပေးပါတယ်။ ပုံမှန် အခြေအနေတွေမှာ ဆိုရင်တော့ SA node မှ ထုတ်ပေးတဲ့ Impulse / Beat ကြိမ်နှုန်းကိုပဲ နှလုံးခုန်နှုန်း အဖြစ်သတ်မှတ်ပါတယ်။
လှုံ့ဆော်ခြင်း (Excitability) ဆိုတာကတော့ နှလုံးရဲ့ ကြွက်သားများ လှုပ်ရှား ကျုံ့ဆန့်နိုင်ခြင်း ပါပဲ။ ပုံမှန်အခြေအနေတွေမှာတော့ နှလုံးခုန်ခြင်းဟာ SA node ရဲ့လှုံ့ဆော်မှုကြောင့် ဖြစ်ပွားပါတယ်။ လှုံ့ဆော်မှု ဖြစ်ပေါ်နေစဉ်မှာပဲ လျှပ်စစ်ရွေ့လျှားမှုစွမ်းအား (Electromotive Force) တစ်ခု ဖြစ်ပေါ်ပါတယ်။ အဲဒီအားကို Electrocardiograph မှာ ဖော်ပြပေးခြင်းကို Electrocardiogram ဟုခေါ်ခြင်း ဖြစ်ပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာနိုင်ရန်အတွက် Electrodes များကို ရင်ဘတ် ၊ လက်မောင်း ၊ ခြေထောက် တို့ရဲ့ သတ်မှတ်ထားတဲ့ နေရာတွေမှာ တပ်ဆင်ရပါတယ်။

နှလုံးခုန်နှုန်း တိုင်းတာနည်းစနစ်များ
နှလုံးခုန်နှုန်း တိုင်းတာရာတွင် ECG signal တစ်ခုရရှိရန်အတွက် Electrodes များ ချိတ်ဆက် တိုင်းတာမှု ပုံစံနှင့် နည်းစနစ်မှာ ၁၂ မျိုး ရှိပါတယ်။ထိုနည်းစနစ်များကို အခြေခံအားဖြင့် အုပ်စု(၃) ခု ခွဲခြား နိုင်ပါတယ်။
(၁) Bipolar leads (Limb leads) - လျပ်စစ်အဖို (Positive) ဓာတ်အားနှင့် အမ (Negative) ဓာတ်အား ၂ ခုစလုံးကို အသုံးပြုသော စနစ် ၊
(၂) Unipolar leads (Augmented Limb leads) - လျပ်စစ်အဖို (သို့) အမ ၁ ခု သာ အသုံးပြုသော စနစ် ၊
(၃) V leads (Chest leads) - လူဧ။်ရင်ဘတ်ပိုင်းတွင် Electrodes ၆ ခုကို သတ်မှတ်ထားသော နေရာများတွင် တပ်ဆင်တိုင်းတာသော စနစ် (V1 မှ V6 အထိရှိသည်) ။




(၁) Bipolar leads (Limb leads)
Bipolar leads စနစ်တွင် Electrodes များတပ်ဆင်မှု ပုံစံ (၃) မျိုး ရှိပါတယ်။

Lead I : လျှပ်စစ်အမဓာတ်အား (Negative) ရှိသော Electrode ကို ညာဘက် လက်မောင်းတွင် တပ်ဆင်ပြီး ၊ အဖိုဓာတ်အား (Positive) ရှိသော Electrode ကိုတော့ ဘယ်ဘက်လက်မောင်း တွင် တပ်ဆင်ပါတယ် ။
Lead II : လျှပ်စစ်အမဓာတ်အား (Negative) ရှိသော Electrode ကို ညာဘက် လက်မောင်းတွင် တပ်ဆင်ပြီး ၊ အဖိုဓာတ်အား (Positive) ရှိသော Electrode ကိုတော့ ဘယ်ဘက်ခြေထောက် တွင် တပ်ဆင်ပါတယ် ။
Lead III : လျှပ်စစ်အမဓာတ်အား (Negative) ရှိသော Electrode ကို ဘယ်ဘက် လက်မောင်းတွင် တပ်ဆင်ပြီး ၊ အဖိုဓာတ်အား (Positive) ရှိသော Electrode ကိုတော့ ဘယ်ဘက်ခြေထောက် တွင် တပ်ဆင်ပါတယ် ။

မှတ်ချက်။ ။ Electrical Potential ကို Electrodes ၂ ခုရဲ့ ခြာနားခြင်းမှ ရယူပါတယ်။
ညာဘက်လက်မောင်းတွင် အမြဲတမ်း Negative Electrode ။
ဘယ်ဘက်လက်မောင်းတွင် အမြဲတမ်း Positive Electrode ။
(၂) Unipolar Leads (Augmented Limb leads)
Unipolar leads စနစ်တွင်လည်း Electrodes များတပ်ဆင်မှု ပုံစံ(၃) မျိုးရှိပါတယ်။ သို့သော် ဤစနစ်တွင် Electrodes (၃)ခုကို တပြိုင်တည်း အသုံးပြုပြီး ၊ တစ်ခုမှာ Active Electrodes ဖြစ်ပြီး ၊ ကျန် (၂) ခှုမှာတော့ Silent Electrodes တွေပဲဖြစ်ပါတယ်။

(၁) aVR (Augmented vector right) lead - လျပ်စစ် အဖိုဓာတ်အား (Positive) ရှိတဲ့ Active Electrode ကိုညာဘက်လက်မောင်း တွင်တပ်ဆင်ပြီး ၊ အခြားသော Silent Electrodes (၂) ခုကိုတော့ ဘယ်ဘက်လက်မောင်း နှင့် ဘယ်ဘက်ခြေထောက်တို့တွင် တပ်ဆင်ပါတယ်။ Silent Electrodes (၂) ခုကို ခုခံအား (Resistance) တစ်ခုကို ဖြတ်စေပြီး ချိတ်ဆက်ပေးထားပါတယ်။
(၂) aVL (Augmented vector left) lead - ၄င်းစနစ်တွင်လည်း aVR နည်းတူ ချိတ်ဆက်ပေးရပါတယ်။ သို့သော် လျပ်စစ်အဖိုဓာတ်အား (Positive) ရှိတဲ့ Active Electrode ကိုတော့ ဘယ်ဘက်လက်မောင်းတွင် တပ်ဆင်ပေးပြီး ၊ ကျန် Silent Electrodes (၂) ခု ကိုတော့ ညာဘက် လက်မောင်း နှင့် ဘယ်ဘက်ခြေထောက် တို့မှာ တပ်ဆင်ပါတယ်။
(၃) aVF (Augmented vector foot) lead - ၄င်းစနစ်သည်လည်း aVR နှင့် aVL တို့နည်းတူ ဖြစ်ပြီး ၊ Positive Active Electrode ကို ဘယ်ဘက်ခြေထောက် တပ်ဆင်ပေးရပါတယ်။
မှတ်ချက်။ ။ Unipolar Lead စနစ်တွင် Electrical Potential ကို Active Electrode နှင့် Silent Electrodes (၂) ခုရဲ့ ပျမ်းမျှတန်ဖိုး (Average) တို့ရဲ့ ခြားနားခြင်းမှ ရယူပါတယ်။


(၃) V leads (Chest leads)
V leads စနစ်တွင် V1 မှ V6 အထိ စနစ် (၆) မျိုးရှိပြီး ၊ Positive Active Electrodes (၆) ခုကို သတ်မှတ်ထားတဲ့ နေရာ (၆) ခုမှာ တပ်ဆင်ပေးရပါတယ်။ Electrical Potential တန်ဖိုးကိုတော့ V1 မှ V6 Electrodes များမှပဲ ရယူပါတယ်။ Positive Electrodes (၆) ခု ရှိတဲ့အတွက် Electrical Potential (တစ်နည်းအားဖြင့် ECG signals) (၆) ခု ရရှိပါတယ်။


• V1 - ညာဘက် စတုတ္ထမြောက် နံရိုး ကြားတွင် တပ်ဆင်သည်။
• V2 - ဘယ်ဘက် စတုတ္ထမြောက် နံရိုး ကြားတွင် တပ်ဆင်သည်။
• V3 - V2 နှင့် V4 ကြားတွင် တပ်ဆင်သည်။
• V4 - ပဉ္စမမြောက် နံရိုး (၀ါ) ညှပ်ရိုး ရဲ့ အလယ်ကြား တွင် တပ်ဆင်သည်။
• V5 - ပဉ္စမမြောက် နံရိုး ကြား ၊ V4 နှင့် တစ်တန်းတည်း ၊Axillary lines ရဲ့အရှေ့ဘက် တွင် တပ်ဆင်သည်။
• V6 - ပဉ္စမမြောက် နံရိုး ကြား ၊ V4 နှင့် တစ်တန်းတည်း ၊ Axillary lines ရဲ့အလယ် တွင် တပ်ဆင်သည်။
မှတ်ချက်။ ။ တိုင်းတာမှုစနစ် ၄ မျိုးသုံးစက် နှင့် ၁၂ မျိုးသုံးစက် တို့တွင် နောက်ထပ် Electode တစ်ခုကို ညာဘက်ခြေထောက် (ခန္ဓာကိုယ်ဧ။် ကြိုက်ရာနေရာ) တွင် တပ်ဆင်ကာ Ground ချပေးရသည်။

Electrocardiograph ဧ။်ဝိသေသလက္ခဏာ
စံသတ်မှတ်ထားတဲ့ ECG signal တစ်ခုမှာ : P-wave ၊ Q-wave ၊ R-wave ၊ S-wave ၊ T-wave ၊ U-wave ဆိုတဲ့ အခြေခံ ၀ိသေသလက္ခဏာ (wave) ၆ ခု ရှိပါတယ်။ ဒါ့အပြင် PR-segment ၊ PR-interval ၊ QRS-complex(interval) ၊ ST-segment ၊ QT-segment ၊ ST-interval ၊ QT-interval စသည်ဖြင့်အခြားသော ၀ိသေသလက္ခဏာ တွေလည်းရှိပါသေးတယ်။
• Signal ရဲ့ ပထမဦးဆုံး အပေါ်ဘက်သို့ကွေးကာထွက်နေသော အခုံးလေးကို P-wave လို့ခေါ်ပါတယ်။ ၄င်း P-wave သည် နှလုံးရဲ့အပေါ်ဘက်အခန်း ၂ ခန်း (Auricles) မှသွေးများကို အောက်ဘက်အခန်း ၂ ခန်း (Ventricles) သို့ ညှစ်ထုတ်ပေးမှု (Pump Out) ဖြစ်စဉ်ကို ညွှန်ပြပေးပါတယ်။
• P-wave ရဲ့အဆုံးမှ Q-wave ရဲ့အဆုံးအထိ ရှိသောအပိုင်းကို PR-segment ဟုခေါ်ပြီး SA node လှုံ့ဆော်မှု ပြီးဆုံးပြီးနောက် AV node မှလှုံ့ဆော်မှုမစတင်မှီ အချိန်အတိုင်းအတာကို ဖော်ပြပေး ပါတယ်။
• Q-wave ရဲ့အစမှ S-wave ရဲ့အဆုံးအထိ ရှိသောအစိတ်အပိုင်းကို QRS complex(interval) လို့ခေါ်ပါတယ်။ နှလုံးရဲ့ အောက်ဘက်အခန်း ၂ ခန်းသွေးဖြည့်၍ ပြန်လည်ညှစ်ထုတ်ခြင်းဖြစ်စဉ်ကို ညွှန်ပြပေးပါတယ်။

• S-wave ရဲ့အဆုံးမှ T-wave ရဲ့ အစအထိရှိသော အပိုင်းမှာ ST-segment ဖြစ်ပြီး ၊ နှလုံးမှသွေးများ ညှစ်ထုတ်ပြီးချိန်မှ နှလုံးပြန်လည်အနားမယူခင် အချိန်အထိရှိသော ကြာချိန်ကို ဖော်ပြပေးပါတယ်။
• T-wave ကတော့ နှလုံးရဲ့ အနားယူနေသော ကာလအပိုင်းအခြားတစ်ခုပဲဖြစ်ပါတယ်။
• U-wave ကတော့တစ်ခါတစ်လေ မှသာ ဖြစ်ပေါ်လေ့ရှိပါတယ်။
Ischaemia လို့ခေါ်တဲ့ နှလုံးမှအခြားသော ခန္ဓာအစိတ်အပိုင်းများသို့ သွေးပို့လွှတ်ပေးနိုင်မှု ပမာဏ နည်းပါးတဲ့ရောဂါမျိုး ကို U-wave ရဲ့ ဖြစ်ပေါ်မှုအခြေအနေကိုလိုက် ၍ စမ်းသပ်စစ်ဆေး နိုင်ပါတယ်။
နှလုံးခုန်ခြင်းဖြစ်စဉ်ကို ယေဘုယျအားဖြင့် အပိုင်း၂ပိုင်း ခွဲခြားလို့ရပါတယ်။
၁။ Systole - သွေးညှစ်ထုတ်ခြင်း
၂။ Diastole - အနားယူခြင်း နှင့် သွေးဖြည့်ခြင်း
နှလုံးအတွင်းမှ သွေးများကို သွေးလွှတ်ကြောများဆီသို့ ညှစ်ထုတ်ပေးခြင်းကို Systole ဟုခေါ် ပါတယ်။ ၄င်းဖြစ်စဉ်ရဲ့ ကြာချိန်ကို သိချင်ရင်တော့ QT-interval ( Q-wave အစမှ T-wave အဆုံးအထိ) ကိုတိုင်းတာခြင်းဖြင့် သိနိုင်ပါတယ်။
နှလုံးအတွင်းမှ သွေများညှစ်ထုတ်ပြီးနောက်မှာ နှလုံးဟာပြန်လည်အနားယူပါတယ်။ ဒါ့အပြင် နှလုံးရဲ့အပေါ်ဘက်အခန်း ၂ ခန်း (Auricles) ကို သွေးပြန်လည်ဖြည့်ပါတယ်။ အဲဒီဖြစ်စဉ်ကိုတော့ Diastole လို့ ခေါ်ပါတယ်။ ၄င်းဖြစ်စဉ်ရဲ့ ကြာချိန်ကိုသိချင်ရင်တော့ TP-segment (T-wave ရဲ့အဆုံးမှ နောက် Signal တစ်ခုရဲ့ P-wave ရဲ့အစ အထိ) ကိုတိုင်တာခြင်းဖြင့် သိနိုင်ပါတယ်။ TP-segment ရဲ့တန်ဖိုးဟာ နှလုံးခုန် နှေးခြင်း (Bradycardia) ဖြစ်စဉ်မှာ မြင့်မားလာတတ်ပြီး၊ နှလုံးခုန်မြန်ခြင်း (Tachycardia) ဖြစ်စဉ်မှာတော့ လျော့နည်းသွားတတ်ပါတယ်။


နှလုံးရဲ့စည်းချက် (Heart Rhythm) ပုံမှန်ဟုတ်မဟုတ်ကို သိချင်ရင်တော့ -
(က) နှလုံးခုန်နှုန်း ဘယ်လောက်ရှိလဲ ?
(ခ) အဲဒီ နှလုံးခုန်နှုန်း က ပုံမှန်ရာဟုတ်ရဲ့လား ?
(ဂ) Signal မှာ P-wave ရော ပေါ်ရဲ့လား ?
(ဃ) QRS complexs ရော ရှိလား ?
(င) Electrocardiograph(ECG) မှာ ရှိတဲ့ QRS complexs အရေအတွက်နဲ့ P-waves အရေအတွက် တို့ကရော ညီရဲ့လား ?
(စ)PR-interval ရဲ့တန်ဖိုးကရော ကိန်းသေ(Constant) ဖြစ်ရဲ့လား ?
စသည့်အချက်များကို လေ့လာသင့်ပါတယ် ။

တယ်လီဆက်သွယ်ရေးစနစ်ရဲ့ အခြေခံတည်ဆောက်မှု့

တယ်လီဆက်သွယ်ရေးစနစ်ရဲ့ အခြေခံတည်ဆောက်မှုအကြောင်းကို မတင်ပြခင် တယ်လီ ဆက်သွယ် ရေးအကြောင်းကို အကြမ်းဖျဉ်း အရင်ဆုံးတင်ပြသွားပါ့မယ်။

တယ်လီဆက်သွယ်ရေး စနစ်
တယ်လီဆက်သွယ်ရေး စနစ်ဆိုသည်မှာ သတ်မှတ်ထား သောပုံစံ၌ လျှပ်စစ် ဆက်သွယ်မှုကို ထောက်ပံ့ ထားသော နည်းပညာလုပ်ငန်းဆိုင်ရာ နည်းလမ်းပေါင်းစုံကို ခေါ်သည်။ သတင်းထုတ်လွှင့် နိုင်သော သတင်း အမျိုးအစားများမှာ တယ်လီဖုန်းဖြင့် လည်းကောင်း ၊ ကြေးနန်းဖြင့်လည်းကောင်း ၊ သတင်း အချက် အလက်များကို ပေးပို့လက်ခံခြင်းဖြင့်လည်းကောင်း ၊ ဖက်စ်( Fax ) ဖြင့်လည်းကောင်း ၊ သတင်း စာဖြင့်လည်းကောင်း ၊ ရေဒီယိုအသံထုတ်လွှင့်မှု နှင့် ရုပ်မြင်သံကြား ထုတ်လွှင့်မှု တို့ဖြစ်ကြသည်။
လျှပ်စစ်လှိုင်း ( Electronic signal ) တွေရဲ့ ပျံ့နှံ့မှုကြားခံနယ်များမှာ ၀ါယာကြိုး ၊ ရေဒီယိုနှင့် အလင်းတို့ ဖြစ်ကြသည်။ ၀ါယာကြိုးစနစ်တွင် လေလှိုင်းထဲ၌ ဆက်သွယ်ခြင်း ၊ ကြိုးဖြင့်ဆက်သွယ်ခြင်း ဟူ၍ လည်းကောင်း ၊ ရေဒီယိုစနစ်တွင် မြေပြင်ဆက်သွယ်ရေး ၊ အာကာသဆက်သွယ်ရေး နှင့် ဂြိုလ်တုဆက်သွယ်ရေး ဟူ၍လည်းကောင်း ၊ အလင်းစနစ်တွင် (Fiber-Optics) လို့ခေါ်တဲ့ ဖန်မျှင်အလင်းပိုက် ကိုအသုံးပြု၍ အနီအောက်ရောင်ခြည်ဖြင့် အချက်အလက်ပေးပို့ သည့်စနစ် ဟူ၍လည်းကောင်း ၊ အခြားသောနည်းလမ်းများကို အသုံးပြု၍ လည်းကောင်း စသည်တို့ဖြစ်ကြသည်။ ထို့အပြင် မြေပြင် ဆက်သွယ်မှုစနစ်တွင် ရေဒီယို ထပ်ဆင့်လွှင့်မှုစနစ် ( microwave system ) နှင့် လွယ်ကူစွာရွှေ့ ပြောင်းနိုင်သောစနစ် ( mobile system ) ဟူ၍လည်းကောင်း ၊ ဂြိုလ်တုဆက်သွယ်မှုစနစ်တွင် အနိမ့်စား ပတ်လမ်း ဖြင့်တည်ရှိသော ဂြိုလ်တုဆက်သွယ်ရေး ၊ အမြင့်ဆုံး ပတ်လမ်းတွင်တည်ရှိသော
ဂြိုလ်တုဆက်သွယ်ရေး နှင့် ကမ္ဘာပတ်လမ်းတွင်တည်ရှိသော ဂြိုလ်တု ဆက်သွယ်ရေး ဟူ၍လည်းကောင်း ၊ ရွှေ့ပြောင်းနိုင် သောစနစ် ( mobile system ) တွင် ဆယ်လူလာ ( cellular system ) ဆက်သွယ်ရေး ၊ paging system နှင့် trunking system ဟူ၍ လည်းကောင်း အမျိုးမျိုးသောစနစ်များဖြင့် သတင်းပေးပို့မှု တွင် အသုံးပြုနိုင်သည် ။
တယ်လီဆက်သွယ်ရေးစနစ်များ၏တည်ဆောက်ပုံ
ယခုဆက်လက်ပြီး တင်ပြမည့် တယ်လီဆက်သွယ်ရေးစနစ်၏ တည်ဆောက်ပုံများမှာ အောက်ပါ အတိုင်း ဖြစ်သည်။၎င်းတို့မှာ-
၁။ရေဒီယိုထပ်ဆင့်ထုတ်လွင့်မူစနစ် (Microwave System)
၂။ဂြိုလ်တုဆက်သွယ်ရေးစနစ် (Satellites Communication System)
၃။ဖန်မျှင်ကိုအသုံးပြု၍ အနီအောက်ရောင်ခြည်ဖြင့် သတင်းပေးပို့သည့်စနစ် (Fiber-optics Communication Syastem)
၎။ရွေ့ပြောင်းဆက်သွယ်နိုင်သော စနစ် (Mobile Communication System) စသည်တို့ ဖြစ်သည်။
၁။ရေဒီယိုထပ်ဆင့် ထုတ်လွှင့်မူစနစ်(Microwave System)
ရေဒီယိုဖြင့် သတင်းထုတ်လွှင့်မူ ဆိုသည်မှာ Electronic ဆက်သွယ်ရေးတွင် ရေဒီယိုလှိုင်းများကို ထပ်ဆင့် အသံလွင့် စက်ရုံ(Repeters)များ၏အကူအညီဖြင့် သတင်းပေးပို့သည့် စနစ်ဖြစ်သည်။ရေဒီယို ထပ်ဆင့်ထုတ်လွှင့်မူ သည် သတင်းပေးပို့လက်ခံနိုင်သော အသံလွှင့်ရုံ(Relay Station)များဖြင့်ပြီး ၎င်းတွင်ပါဝင်သော အသံလွှင့်ရုံ (Stations)များမှာ နောက်ဆုံး အသံလွှင့်ရုံ(Final Station)၊ ကြားအသံလွှင့်ရုံ(Retransmitting Station)နှင့် ကြက်ခြေခတ် အသံလွှင့်ရုံ (Crossing Station) စသည်တို့ ဖြစ်သည်။၎င်းအသံလွှင့်ရုံ (Station) များသည် သတင်း ထုတ်လွှတ်နိုင်သော လှိုင်းများကို အစဉ်လှိုက် အကြိမ်ကြိမ် ထပ်ဆင့်ထုတ်လွှင့်ရာ၌ အကောင်အထည်ဖော်သည်။ ထိုကဲ့သို့ ထပ်ဆင့်ထုတ်လုပ်ရာ၌ သတင်းလက်ခံခြင်း၊ လှိုင်းများကိုဟြေင်းလဲခြင်း၊ ချဲ့ခြင်းနှင့် သတင်း ပေးပို့ခြင်း များ ကိုလုပ်ဆောင်သည်။ အသံလွှင့်ရုံများ တစ်ခုနှင့်တစ်ခုကို ဆက်သွယ်ရာ၌ ထိုအသံလွှင့် ရုံ၏ ကောင်းကင်ဧရိယာ (Antenna) တိုင်များအကြား တိုက်ရိုက်မြင်နိုင်မူရှိရန် နေရာချထားရမည်။ ဤကဲ့သို့ နေရာချထားမူကို ထပ်ဆင့် ထုတ်လွှင့်နိုင်မှု၏ တိုက်ရိုက်မြင်နိုင်စွမ်း ဟုခေါ်သည်။
အသံလွှင့်ရုံ (Station)များသည် တစ်ခုနှင့်တစ်ခု အကွာအဝေးများမှာ ကီလိုမီတာ ၆၀ မှ ၈၀ အတွင်း ရှိရမည်ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့လေထုနှင့် စပ်လျဉ်း၍ Troposphere (ကမ္ဘာ့မြေ မျက်နှာပြင် အထက် ၁၀ ကီလို မီတာ နှင့် ၁၂ ကီလိုမီတာ အတွင်းရှိလေထုလွှာ)၊ Stratosphere (ကမ္ဘာ့လေထု ကီလိုမီတာ ၅၀ အတွင်း) နှင့် Ionosphere (ကမ္ဘာ့မြေပြင် အထက် ကီလိုမီတာ ၅၀ မှ ၁၂၀ အတွင်း ရှိ လေထုလွှာ) စသည်တို့ ဟူ၍ ခွဲခြားထား သည်။ ကီလိုမီတာ ၄၀၀ နှင့် အထက်ကို အာကာသ ဆိုင်ရာနေရာ ဟုခေါ်သည်။ အသံလွှင့်ရုံများ၏ ဆက်သွယ်မူသည် အပြန်အလှန် တည်ရှိနေပြီး အနိမ့်ဆုံး Troposphere အလွှာ၌ ရေဒီယိုလှိုင်းများ၏ ချဲ့ခြင်းနှင့် အရိပ်ထင်ဟပ်မူကို ရေဒီယို သတင်းထုတ်လွင့်မူ၌ အသုံးပြုပါက Troposphere ရေဒီယို သတင်းထုတ်လွှင့်မှု ခေါ်သည်။ထိုသို့ သတင်း ထုတ်လွှင့်ရာ၌ အသံလွှင့်ရုံများသည် တစ်ခုနှင့်တစ်ခု အကွာအဝေးမှာ ကီလိုမီတာ ၁၅၀ မှ ၇၀၀ အတွင်း ရှိရမည်။ နောက်ဆုံး အသံလွှင့်ရုံ(Final station)၏လုပ်ဆောင်မှုမှာ သီးခြားဖြစ်နေသော လှိုင်း(Signal)များကို သတင်းထုတ် လွင့်မှု၌ စုပေါင်း၍ ပျံ့နှံ့မှု ကြားခံနယ်အတိုင်း သတင်းပေးပို့ ပြီး လက်ခံမှု၌ ၎င်းလှိုင်း(Signal)များကို ခွဲခြား၍ လက်ခံ သူ၏ လိပ်စာအတိုင်း ထုတ်ပေးသည်။ ကြားအသံလွှင့်ရုံ(Retransmitting station) ၏လုပ်ဆောင်မှုမှာ သတင်းများကို လက်ခံခြင်း၊ ပြောင်းလဲခြင်းနှင့်ချဲ့ခြင်း များကို လုပ်ဆောင်၍ နောက်ဆုံး၌ ပြန်လည် ထုတ်လွှင့်သည်။ ကြက်ခြေခက် အသံလွှင့်ရုံ(Crossing Station)၏ လုပ်ဆောင်မှုမှာ သတင်းများကို ခွဲခြင်းနှင့် စုစည်းခြင်းတို့ ပြုလုပ်၍ အမျိုးမျိုး သော ရေဒီယို ထပ်ဆင့်ထုတ်လွှင့်မှုအတိုင်း ပေးပို့သည်။


၂။ဂြိုလ်တုဆက်သွယ်ရေးစနစ် (Satellite Communication System)
ရေဒီယို သတင်းထုတ်လွှင့်မှုတွင် အာကာသ အသံလွှင့်ရုံ( Cosmic station )နှင့် ငြိမ်သက် ဂြိုလ်တုများ (သို့) အခြား အာကာသ နှင့်ဆိုင်တော့ အရာဝတ္ထုများကို အသုံးပြုပြီး သတင်းထုတ်လွှင့် သော စနစ်ကို အာကာသနှင့် ဆိုင်တော့သတင်းထုတ်လွှင့်မှု စနစ်ဟုခေါ်သည်။ ဂြိုလ်တု မှာထပ်ဆင့် အသံလွှင့်နိုင်သော အသံလွှင့်ရုံ (Repeater Station) သို့မဟုတ် ငြိမ်သက်နေသော ဂြိုလ်တု ရဲ့ အကူအညီဖြင့် မြေပြင် အသံလွှင့်ရုံ များ(Ground station) အကြား သတင်းထုတ်လွှင့် နိုင်သော လျှပ်စစ်ဆက်သွယ်မူကို အကောင် အထည်ဖေါ်ပေးသည့် အာကာသ နှင့်ဆိုင် သော သတင်းထုတ်လွှင့်မှုကို ဂြိုလ်တု ဆက်သွယ်မှု စနစ်ဟုခေါ်သည်။ ဂြိုလ်တု ဆက်သွယ်မှု စနစ်တွင် မြေပြင် အသံလွှင့်ရုံ (Ground Station) များ၊ အာကာသအသံလွှင့်ရုံ(Cosmic station)များနှင့် ဂြိုလ်တု တို့ လိုအပ်ပြီး ၎င်းမြေပြင် အသံလွှင့် ရုံ များ သည် ကမ္ဘာ့လေထု၏ အခြေခံကျသော အပိုင်င်း(သို့)မြေမျက်နှာပြင်တစ်လျှောက်တွင် တည်ရှိပြီး သတင်းထုတ်လွှင့်သည်။ထို့အပြင် ၎င်းတို့သည် အာကာသ နှင့် ဆိုင်သော သတင်းထုတ်လွှင့်ပို့ရန် အတွက် လည်းရည်ရွယ်သည်။
အာကာသ အသံလွှင့်ရုံသည် ကမ္ဘာ့လေထု၏ အခြေခံကျသော အပိုင်း၏ ကန့်သတ်မှုတစ်ခု တွင်တည်ရှိပြီး အာကာသနှင့် ဆိုင်သော အရာဝတ္ထုတွင်ရှိသည်။ဂြိုလ်တုတစ်ခုကို အသုံးပြုရာ၌ မရွေ့လျားနိုင်သော(သို့) ရှည်လျားပတ်လမ်း(Orbit)တွင်တည်ရှိပြီး မြေပြင်အသံလွှင့်ရုံ တစ်ခုနှင့်တစ်ခု သည် ကီလိုမီတာ ၁၅၀၀ ခန့် ကွာဝေး သည်။
ရေဒီယိုထပ်ဆင့်ထုတ်လွှင့်မှု၏ တိုက်ရိုက်မြင်နိုင်စွမ်းရှိသော Troposphere ရေဒီယို ထပ်ဆင့် ထုတ်လွှင့်မှု စနစ် နှင့် ဂြိုလ်တု ဆက်သွယ်ရေးစနစ် (Satellite communication system) များတွင် လှိုင်းအကွာအဝေး Decimetre နှင့် Centimetre (10-2) နှင့် ကြိမ်နှုန်း UHF (Ultrahigh Frequencies) အလွန်မြင့်မားသော ကြိမ်နှုန်း နှင့် SHF(Superhigh Frequencies) အထူး မြင့်မားသော ကြိမ်နှုန်းများ အကြားတွင် အလုပ်လုပ်ကြသည်။၎င်းစနစ် များတွင် သတင်းပေးပို့ နိုင်စွမ်းမြင့်မားမှု၊ လုံခြုံမှုနှင့် စီးပွားရေး စသည်တို့အတွက် (Manychannel System)ဖြင့် သတင်းပေးပို့သည့် ပုံစံကိုသာ လျှင် အသုံးပြုကြသည်။
၃။ရွေ့ဟြေင်းနိုင်သော ဆက်သွယ်ရေးစနစ်(Mobile Communication System)
ရွေ့ဟြေင်းနိုင်သော ရေဒီယိုဆက်သွယ်ရေး (Mobile radio communication) ဆိုသည်မှာ ရွေ့ဟြေင်းနိုင် သော အရာဝတ္ထုများအကြား ရေဒီယို သတင်း ထုတ်လွှင့်မူ စနစ်ဖြစ်ပြီး ၎င်း အရာဝတ္ထုများ တစ်ခုနှင့် တစ်ခု ချိတ် ဆက်ဖို့ ရန် အခြေခံ အသံလွှင့်ရုံ(Basics Station) များပါဝင်ရမည်။Mobile ဆက်သွယ်ရေးစနစ်ကို အောက်ပါ အတိုင်း ခွဲခြားနိုင်သည်။
၁။PMR(Professional Mobile Radio)
၂။Radio paging System
၃။ကြိုးမဲ့တယ်လီဖုန်းစနစ်(Wireless Telephone System) နှင့်
၎။ဆယ်လူလာစနစ်(Cellular System) တို့ဖြစ်ကြသည်။
Mobile ဆက်သွယ်ရေးစနစ်ကို အသုံးပြုရာတွင် အခြေခံအသံလွှင့်ရုံ (Basics Station)၊ Mobile အသံ လွှင့်ရုံ(Mobile Station)၊Switching Centre နှင့် အသုံးပြုသူများ၏ တယ်လီဖုန်း ကွန်ရက် (Telephone Network) တို့ ပါဝင်သည်။
PMR(Professional Mobile Radio) တွင် အလယ်ဗဟိုမှ ဖြာထွက်နေသော ကွန်ရက် ပုံစံရှိပြီး တယ်လီဖုန်း အသံလွှင့်ရုံ အသုံးပြုသူနှင့် Mobile အသုံးပြုသူတို့၏ ချိတ်ဆက်ထား မှုဖြင့် ထောက်ပံ့ ထားသော စနစ်ကို PAMR (Public Access Mobile Radio) စနစ် ဟုခေါ်သည်။ PMR နှင့် PAMR စနစ် ၂ ခု ပေါင်းထားခြင်းကို Tranking System ဟုခေါ်သည်။Trank ဆိုသည်မှာ Channel များ၏ ယေဘုယျ ခွဲခြားထားသော လှိုင်းများကို အသုံးပြုသူများ ၏ တူညီစွာ လက္ခံမှု နည်းလမ်း ဖြစ်ပြီး ၎င်း၌ တိကျသော Channel များကို ဆက်သွယ်မူ၏ လုပ်ဆောင်ချက် တိုင်း အတွက် အသေ တပ်ဆင် အသုံးပြုရသည်။
Radio Paging System ဆိုသည်မှာ ဝန်ဆောင်မှု ပေးနိုင်သော ဒေသ၌ တစ်ဖက်တည်းသော ကြိုးမဲ့ သတင်း ထုတ်လွှင့်မှုဖြင့် ထောင့်ပံ့ထားသော ရေဒီယို ဆက်သွယ်ရေးလုပ်ငန်း ကိုခေါ်သည်။ ၎င်းစနစ်၏ ကောင်းကျိုး များမှာ အပြန်အလှန် လုပ်ဆောင်မှုစွမ်းအားဖြင့် ဝန်ဆောင်မှု ကို ကျယ်ပြန့်သော နယ်ပယ်အထိ ပေးနိုင်ခြင်း၊ ဈေးနှုန်းသက်သာခြင်း၊ ရိုးရှင်းစွာသတင်းပေးပို့နိုင်ခြင်း နှင့်သက်သာချောင်ချိစွာ အသုံးပြု နိုင်ခြင်းတို့ဖြစ်ကြသည်။
ရွေ့ဟြေင်းနိုင်သော ရေဒီယို ဆက်သွယ်ရေးစနစ်ကို ဆယ်လူလာစနစ် (Cellular System) ဟုခေါ်သည်။ ဆယ်လူလာ စနစ်တွင် ခြင်းတောင်းတိုင်း၏ အလယ်ဗဟို၌ အခြေခံ အသံလွှင့်ရုံ (Basics Station)တည်ရှိပြီး ၎င်း တို့သည် ရွေ့ဟြေင်းနိုင်သော အသံလွှင့်ရုံ (Mobile Station)အဖြင့် ဝန်ဆောင်မှု ပေးသည်။ထို အသံလွှင့်ရုံ သည် ရေဒီယိုတယ်လီဖုန်း ကိရိယာပင်ဖြစ်သည်။ အခြားသော ဆက်သွယ်ရေး စနစ်များ၏ အခြေခံတည်ဆောက်မှုများမှာလည်း ကွားခြားမှုမရှိပေ။
ထို့အပြင် ကျန်ရှိနေသေးသော Mobile ဆက်သွယ်ရေးစနစ်၏ အမျိုးအစားများမှာ FDMA ( Frequency Division Multiple Access ) စနစ် ၊ TDMA ( Time Division Multiple Access ) စနစ် နှင့် CDMA ( Code Division Multiple Access ) စနစ်များ၏ အခြေခံတည်ဆောက်မှု အကြောင်း ၊ တယ်လီဖုန်း ဆက်သွယ်ရေး စနစ် နှင့် ၀ါယာကြိုးဆက်သွယ်ရေး စနစ် ၊ ဒီဂျစ်တယ် စနစ်ကို အသုံးပြုပြီး သတင်း ပေးပို့သော စနစ်များ၏ အခြေခံတည်ဆောက်မှုအကြောင်း ၊ သတင်း ပေးပို့ဆက်သွယ်မှုစနစ် များ၏ အခြေခံတည်ဆောက်မှုများအကြောင်း ၊ ကွန်ရက် ( Network ) တည်ဆောက်မှု ပုံစံများအကြောင်း စသည်ဖြင့် အမျိုးမျိုးသော တည်ဆောက်မှုများလည်း ရှိသေးသည်။ ထိုကဲ့သို့သောတည်ဆောက်မှုများသည် သတင်းပေးပို့ ဆက်သွယ်နိုင်သော တယ်လီ ဆက်သွယ် ရေးစနစ်ရှိ System များ၏ အခြေခံ တည်ဆောက်မှုများသာ ဖြစ်ပေသည်။

လျှပ်စစ်နှင့် ကျောက်မီးသွေးမှုန့်သုံး စကားပြောခွက်များ

သဘာဝအသံကို ပစ္စည်းကိရိယာ အကူအညီနဲ့ အဝေးတစ်နေရာက လူတွေ ကြားနိုင်အောင် ပုံဖော်ဆောင်ဖြည့်စွမ်းပေးတဲ့ အသံထုတ်ပေးတဲ့ ကိရိယာ တွေ အကြောင်းပါ။လူတစ်ဦးကနေတစ်ဦး စကားပြောတဲ့အခါ အကူအညီကိရိယာတွေ မလိုပဲ ကြားနိုင်အောင် သဘာဝတရားက ဖြည့်ဆည်း ပေးထားပါတယ်။ လူတစ်ဦးကနေတစ်ဦးကို စကားပြောတဲ့အခါလူ့ အသံအိုးထဲက ဖိညှစ်အား ထွက်လာပြီးတော့ လေထုကိုဖိအား လှိုင်းတွေ အဖြစ်နဲ့ လေထုထဲက မော်လီကျူးလေတွေ တုန်ခါသွား စေတယ် အဲဒီတုန်ခါတဲ့ လှိုင်းနုန်းလေးတွေက လူတွေရဲ့ နားကိုလာရောက် ရိုက်ခတ်တဲ့အခါ လူတွေရဲ့နား မှာရှိတဲ့ တူ၊ပေ၊ထိန်ကွင်း လေးတွေက ပုံဖော်ပေးပါတယ် ။ ဒီလိုနဲ့ လူတစ်ယောက်က သူပြောလိုတဲ့ အကြောင်းအရာတွေကို တခြားတစ်ယောက်က နားလည်သိရှိသွားပါတယ်။ ဒါပေမယ့် လူအသံအိုးက ညစ်ထုတ်လိုက်နိုင်တဲ့ အသံဖြစ်စေမယ့် လေထုကို တုန်ခါအောင် ဖိအားပေးနိုင်တဲ့ အကွာ အဝေးဆိုတာက အကန့်အသတ် တစ်ခုအထိပဲရှိတယ်။ ပါးစပ်က စစထွက်ခြင်းတုန်းက တုန်ခါစေ အောင် ဖိအားက များမယ်။ နည်းနည်းဝေးသွားတဲ့ခါ ဖိအား နည်းနည်းလျော့ သွားမယ်။ ဒီလိုနဲ့ တော်တော်ဝေးတဲ့နေရာရောက်ရင် အသံကို ၀ိုးတ၀ါး (သို့) တိုးတိုးလေး ပဲကြားရတော့မယ်။ ဒီ့ထက် ဝေးရင်တော့ လုံးဝ မကြားနိုင်တော့ပါဘူး။ လူတွေကြားနိုင်တဲ့ အသံလှိုင်းနုန်းဟာ ၂၀ ကနေ၂၀၀ Hz အထိပဲ ကြားနိုင်တယ်။ အဲဒါကြောင့် အဝေး တစ်နေရာက လူတွေကြားနိုင်အောင် စပီကာလိုမျိုး လူတွေက စကားပြောသလို အသံလှိုင်း ကြိမ်နှုန်းတွေနဲ့ လေထုကိုတုန်ခါစေမယ့် အကူပစ္စည်း ကိရိယာတွေ တီထွင်ထုတ်လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ မျက်စိ ရှေ့ကိုရောက်ရှိနေတဲ့ ဆောင်း ဘောက်တွေ၊ အီးယားဖုန်းတွေ၊ လက်ကိုင်ဖုန်းနဲ့၊ ကြိုးဖုန်းတွေမှာ အသုံးပြုထားတဲ့ အသံ လွှင့်ထုတ်ပုံကို ဆွေးနွေးသွားမှာပါ။။
အဲဒီိရိယာတွေက အခြေခံအားဖြင့် တော့အတူတူပါပဲ။ အသံထုတ်လွှင့်တာခြင်းတူလို့ပါ။ ဒါပေမယ့် ဖွဲ့စည်းတည်ဆောက်မူခြင်းက တော့ကွဲပြားပါတယ်။ တခုက သံလိုက်ရဲ့ တွန်းအား၊ ဆွဲအားကို အသုံးပြုပြီးထုတ်လွှင့်တာပါ။ နောက်တစ်ခုကတော့ ကျောက်မီးသွေးမှုန့်တွေရဲ့ တုန်ခါမူကို အသုံးပြုတာပါ။


အီလက်ထရစ် အင်နာဂျီ (Ohm Law) ကို အသံ အဖြစ်ပြောင်းလဲပေးပါတယ်။ လူ့နားက ကြားနိုင် နားထောင်နိုင်ရန် လျှပ်စစ်လှိုင်းတွေကို အသံလှိုင်းတွေ အဖြစ်ပြောင်းလဲ ပေးပါတယ်။ လုပ်ဆောင်မူ စည်းမျဉ်းမှာ လျှပ်စစ်သံလိုက် တယ်လီဖုန်းဟာဆိုရင် အပြန်အလှန်အကျိုးသက်ရောက်မူ ရှိနေတဲ့ လျှပ်စစ် ပေါ်မှာ အခြေခံထားတယ်။ ကိန်းသေ သံလိုက်စက်ဝန်းတစ်ခုရှိမယ်၊ အသုံးပြုသူက စကား ပြောတဲ့အခါ အတိုးအလျော့ဖြစ်လာမယ့် သံလိုက်စက်ဝန်းတစ်ခုရှိမယ်(အရှင်) အဲဒါဟာဆိုရင် လေထုကို တုန်ခါမူ ဖိအားပေးဖို့ ပြုလုပ်ထားတဲ့ လျှပ်စစ်အလွှာပါးလေးဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများမှာ ကိန်းသေသံလိုက်၊ လျှပ်စစ်သံလိုက်၊ ကွိုင်ရစ်နှစ်ခုနဲ့ အူသားပြီးတဲ့ လျှပ်စစ်စက္ကူရွက်(အပါးလေး) တယ်လီဖုန်းစက်ထဲမှာဆိုရင် အလုံပိတ်ထားတဲ့ သတ္တုဗူးလေး ရှိပါတယ်။ အဲဒါလေးကို စကားပြောခွက်ထဲမှာ နေရာချထားပေးပါတယ်။ ဒါပေမယ့် မတူညီတဲ့ ကိရိယာ တည်ဆောက်ပုံ တွေပေါ် မူတည်ပြီးတော့ ၄င်းတို့ကို နေရာပြောင်းပြီးအသုံးပြုမူလဲ ရှိနိုင်တယ်။
လျှပ်စစ်စီိးဆင်းမူမရှိတဲ့ လျှပ်စစ်သံလိုက်ကွိုင်ကို မြုပ်နှံထားပါတယ်။ လျှပ်စစ်စက္ကူရွက်( အပါးလေး) ဆိုရင်တော့ လျှပ်စီးမူလွယ်ကူအောင် အူတိုင်သား အပေါ်တည့်တည့်မှာနေရာယူထားပါတယ်။ အူတိုင်သားထဲမှာရှိတဲ့ သံလိုက်ကိုကိန်းသေပေးထားမယ်။ သူ့မှာဆိုရင် အရမ်းကြီးဘေးဘက်ကို ကွေး ညွတ်မသွားအောင်နဲ့ ရွေ့လျားမူမရှိအောင် လုပ်ရပါတယ်။ စကားပြောတဲ့အခါ ပြောင်းလဲသွားတဲ့ လျှပ်စစ်လိုင်းဟာဆိုရင် အူသားကို လျှပ်စစ်သံလိုက်တွေထွက်ဖို့ထပ်ထပ်တိုးမြှင့်ပေးပါတယ်။ ရလဒ်ကတော့ လျှပ်စစ်စက္ကူရွက်(အပါးလေး) ဟာ လေထုထဲမှာ လှိုင်းလေးတွေဖြစ်ဖို့ ဖိအားကို ပေးပါတယ်။ အဲဒါနဲ့ ကိုက်ညီစွာ လျှပ်စစ်တိုးမှု လျော့မှုဟာလဲ ဖြစ်ပေါ်ပြောင်းလဲနေပါတယ်။ လျှပ်စစ်စက္ကူရွက်(အပါးလေး)ရဲ့ လှိုင်းနှုန်းရွေ့လျားပြောင်းလဲမူဟာဆိုရင် လေထုထဲမှာ ကြိမ်နှုန်း တွေကိုဖြစ်ပေါ်စေပါတယ်။ အဲဒီကြိမ်နှုန်း တွေက လူတွေရဲ့ အကြားအာရုံမှာ အသံအဖြစ် ပုံဖော်ပေး ခြင်းဖြစ်တယ်။

ကျောက်မီးသွေးသုံးအသံလွှင့်ခွက်ကို တက်ကြွပြီးပြောင်းလဲနေတဲ့ လျှပ်စစ်သံလိုက်လှိုင်းရိုက်ခတ်မူနဲ့ ပုံဖော်ပါတယ်။ ကျောက်မီးသွေးမှုန့်တွေရဲ့ ဂုဏ်သတ္တိဟာ သူရဲ့လေထုဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အသံလှိုင်းပြောင်းလဲမူပေါ်မူတည်ပြီး ပြောင်းလဲနေတဲ့လျှပ်စစ်တွန်းကန်မှုတွေကို ဖြစ်ပေါ်စေတယ်။ ကျောက်မီးသွေးသုံးမိုက်ကရိုဖုန်းတစ်ခုတွင် လျှပ်စစ်သံလိုက်ပတ်လမ်းတည်ရှိမှုကို ပုံမှာပြထားပါ တယ်။ ကျောက်မီးသွေးသုံး မိုက်ကရိုဖုန်းတွေရဲ့ အဓိကပစ္စည်းတွေကတော့ ရွေ့လျားမူရှိတဲ့ အီလက်ထရုတ် ဓာတ်ခေါင်းနဲ့ ရွေ့လျားမှုမရှိတဲ့ အီလက်ထရုတ်ဓာတ်ခေါင်း ဖြစ်ပါတယ်။ ၄င်းတို့ကို လျှပ်စီးပတ်လမ်းနဲ့ ချိတ်ဆက်ထားပါတယ်။ ပြီးတော့ ကျောက်မီးသွေးမှုန့်ကို အီလက်ထရုတ်ခေါင်း လေးတွေကြားမှာ ဖြည့်စွက် ပေးပါတယ်။ ရွေ့လျားမှုရှိတဲ့ အီလက်ထရုတ်ဓာတ်ခေါင်းလေးဟာဆိုရင် ကွေးညွှတ်နိုင်တဲ့ လျှပ်စစ် စက္ကူရွက် (အပါးလေး)နဲ့ ချိတ်ဆက်ထားပါတယ်။ တုန်ခါသွားတဲ့ လျှပ်စစ် စက္ကူရွက်(အပါးလေး) ဟာဆိုရင် ပတ်ဝန်းကျင်လေထုကိုပါ ကူးစက်တုန်ခါစေပါတယ်။ လေထုက အသံလှိုင်းဟာဆိုရင် လျှပ်စစ်စက္ကူရွက် (အပါးလေး)နဲ့ ကိုက်ညီစွာတုန်ခါမှုကို ဖြစ်ပေါ်စေပါတယ်။ လျှပ်စစ်စက္ကူရွက်(အပါးလေး)နဲ့အတူတူ အသံလှိုင်းတွေထုတ်လွှင့်မှုတွေဟာ ဒေါင်လိုက်ရွေ့လျား တယ်။ အီလက်ထရုတ်ခေါင်းတွေရဲ့ ရွေ့လျားမှုနဲ့အတူ ကျောက်မီးသွေးမှုန့်တွေရဲ့ သိပ်သည်းမူ ပြောင်းလဲသွားတယ်။ ကျောက်မီးသွေးမှုန့်ရဲ့ လျှပ်စစ်ခုခံမှု တန်ဖိုးတိုးတဲ့အခါ လျှပ်စီးကြောင်းတန်ဖိုး လျော့သွားမယ်။ ပြောင်းပြန်အားဖြင့် လျော့မယ်

ဆိုရင် တိုးမယ်။ တကယ်လို့ စကားပြောခွက်ကို အသုံးပြုနေမယ်ဆိုရင် လျှပ်စစ် ပတ်လမ်းအတွင်းရှိ အသံလှိုင်းဖိအားဟာ ဆိုရင် အချိုးညီစွာ ပြောင်းလဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေမယ်။
ဘာမှမရှိတဲ့အသံလှိုင်းမှာ(P=0) လျှပ်စစ်စက္ကူရွက်(အပါးလေး) အေးဆေးတည်ငြိမ်စွာ ရှိနေပြီး ပြောင်းလဲမှုမရှိပါဘူး။ လျှပ်စီးပတ်လမ်းမှာလဲပြောင်းလဲမှု မရှိပါဘူး။ အသံလှိုင်း ထွက်ပေါ်လာ ပြီဆိုရင်တော့ အသံလှိုင်းတုန်ခါအားနဲ့ ဖိအားစတင်မှုအစပြုလာတယ်။ အဲဒီဖိအားဇုံ အတိုင်း လျှပ်စီးက လည်းပြောင်းလဲ လာပါတယ်။ ဒါတွေအားလုံးဟာ အုန်းနိယာမ သဘောတရားနဲ့ စပ်ဆက်မူရှိပါတယ်။
V= IR , I = V/R အတိုင်း စကားပြောရင် လျှပ်စစ်များများစီးရင် ဖိအားများများထွက်မယ် ခုခံမှု တန်ဖိုးကတော့ နည်းသွားမယ်။ နှစ်ပေါင်းများစွာ အသံကို ဒီနည်းနဲ့သုံးပြီးတော့ ထုတ်ခဲ့ကြတယ်။ နောက်လဲ ဒီအတိုင်းပဲ ထုတ်သွားဦးမှာပါ။ တခုတော့ကွဲသွားတာရှိတယ် အဲဒါကတော့ အသံတွေကို ပုံဖော်တဲ့နေရာမှာ ကွဲသွားတာပါ။ အရင်က သမရိုးကျဆောင်းဘောက်တွေရဲ့ အန်နာလော့တွေနေရာ မှာ ဒစ်ဂျစ်တယ်တွေ အစားထိုးဝင်လာတယ်။ ဒစ်ဂျစ်တယ် အစားထိုးလာခြင်းအားဖြင့် အသံတွေက ပိုမိုတိကျစွာ ကြားရတယ်။

Thursday, September 3, 2009

အနျုမြူဆိုသည်မှာ

“အနျုမြူ’’ ဟူသော စကားလုံးသည်လူတိုင်း ကြားဖူးသည်ဟုဆိုလျင် မှားမည်မထင်ပါ။အသက် (၉၀) ကျော် သက်ကြီးရွယ်အိုများမှစပြီး ကျောင်းနေအရွယ်ကလေးအထိ ယဉ်ပါးခဲ့သောဝေါဟာရ တစ်ခုဖြစ်လေသည်။ သို့သော် သူတို့တွေ သိထားကြသည်မှာ အနုမြူဆိုလျင် ဗုံးတလုံးကိုသာ ပြေးပြီးမြင် ယောင်နေကြသည်။ ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာကာစကီမြို့ကိုလည်း သတိရ နေကြမည်။ ထိုဗုံးနှစ်လုံးကြောင့် ကမ္ဘာတစ်ဝန်းလုံး လှုည်းနေလှေအောင်း မြင်းဇောင်းမကျန် အနျုမြူ ကိုသိခဲ့ကြလေ သည်။ ကျွန်တော်တို့  မြန်မာတွေလည်း လူတိုင်းသိကြပါသည်။ လူဦးရေ သန်းပေါင်းများစွာကို မိနစ်ပိုင်းအတွင်းပြာ ဖြစ်စေနိုင်ပြီး မျိုးရိုးဗီဇကိုပါ ပျက်စီးစေကြောင်း သိနေကြသည်။


အနျုမြူဟုဆိုလိုက်လျင် လောကဓာတ်ဆရာကြီး အိုင်စတိုင်းကိုလည်း သိနေကြပါသည်။ သူ ၏အလွန် နာမည်ကြီးသော (E=mc²) စွမ်းအင်ညီမျှခြင်းကိုလည်း သိပ္ပံကျောင်းသားတိုင်း ကြားဖူးကြပါသည်။ မြန်မာနိုင်ငံနှင့် အနျုမြူ (အိုင်စတိုင်း)အကြောင်းကို ပထမဆုံး စတင်မိတ်ဆက် ပေးသူမှာ သတင်းစာဆရာကြီး ဒီဒုတ်-ဦးဘချို ဖြစ်သည်။ ဒီးဒုတ်ဂျာနယ်တွင် အခန်းဆက်ရေးသားခဲ့သည်။ ဦးဘချိုမြန်မာလူမျိုးများကို သိပ္ပွံဗဟုသုတ အလို့ငှာ မြန်မာ ဘာသာဖြင့် ထုတ်ဝေခဲ့သည်။ သို့သော်ထိုအချိန် ကစိတ်ဝင်းစားသူ အလွန် နည်းလှ၏။ ကမ္ဘာတစ်ဝန်း လုံးတွင် အိုင်စတိုင်း၏ နိယာမများကို အုတ်အော် သောင်းနင်းဖြင့် စိတ်ပါဝင်စားစွာ ငြင်းခုံနေချိန်ဖြစ်သော်လည်း ဂျပန် နိုင်ငံကိုအနျုမြူဗုံဖြင့်ကြဲ ချလိုက်ပြီး ဒုတိယကမ္ဘာစစ်ကို အဆုံးသတ် လိုက်တော့မှ မြန်မာများမှာကျီးလန့် အစာစား အနျုမြူအကြောင်းကိုသိ ရှိခဲ့  ရလေသည်။ ထိုကြောင့် အနျုမြူကို ယမမင်း ကဲ့သို့  ကြောက်ရွံနေကြဆဲဖြစ်သည်။
ထို့နောက်အမေရိကန်- ဆိုဗီယက်စစ်အေးတိုက်ပွဲတွင်လည်းအနျုမြူ အားပြိုင်မှုများဖြစ်ပွား ခဲ့သည်။ ယနေ့ချိန်ထိအနျုမြူလက်နက်ဆန်းများ အပြိုင်အဆိုင် တပ်ဆင်နေကြဆဲဖြစ်သည်။ လူညွန့်တုံးစေနိုင်သော အနျုမြူကို လူအများက ကြောက်ရွံနေကြသည်မှုာ မထူးဆန်းပါ။ သို့သော်အနျုမြူသည်လူတို့၏အကျိုး¬စီးပွါးကို များစွာအထောက် အကူ ပြုလျက်ရှိသည်။ စွမ်းအင်လိုအပ်မှု ပြသနာကိုဖြေရှင်း ပေးနိုင်မည့်စွမ်းအင်ရတနာသိုက်ကြီး လည်းဖြစ်သည်။ အနျုမြူသည် ကမ္ဘာ့ လူသားများအတွက် မရှိမဖြစ် လိုအပ်နေသောအချိန် ရောက်လေပြီ။ ခေတ်မှီတိုးတက်သောနိုင်ငံ တည်ဆောက်ရာတွင် အနျုမြူသည် အရေးကြီးသောအခန်းမှ ပါဝင်လျက်ရှိနေသည်။
ယခင်က လျှပ်စစ်ဓာတ်ထုတ်ပေးသော ဒိုင်နမိုများကို ရေနွေးငွေ့ အင်ဂျင်စက်များဖြင့် လည်ပတ်စေခဲ့ သည်။ လောင်စာကို ကျောက်မီးသွေးဖြင့် အသုံးပြုသည်။ သို့သော် ကျောက်မီးသွေးသည် နှစ်ပေါင်းများစွာ လိုသလောက် ထုတ်ယူရန် မရရှိနိုင်။ နောက်ပိုင်းတွင်ဓာတ်ဆီ (ဒီဇယ်) ဖြင့် မောင်းသော အင်ဂျင်စက်များ အသုံးပြု ကြသည်။ ရေနံနှင့်သဘာဝဓာတ်ငွေ့သည်လူတို့ လိုအပ်သလောက် ထုတ်လုပ် မရရှိနိုင်တော့ပေ။ စွမ်းအင် လိုအပ်မှုပြသနာသည် ကမ္ဘာအရပ်ရပ်တွင် တနေ့တခြားကြီးမားကျယ်ပြန့်  လာသည်။ ထို့နောက်တွင်ကုန်ကျစရိတ် သက်သာရန်ရေစီးအားဖြင့် တာဘိုင်ဒလက်များကို လည်ပတ် စေပြီးလျှပ်စစ်ဓာတ်ကိုထုတ်ယူသုံးစွဲကြသည်။ သို့ရာတွင်လိုအပ်သောရေ စီးအားနှင့် ရေထုထည်ကိုနေရာ ဒေသမရွေးရရှိရန်မှုာ မလွယ်ကူလှပေ။
ထိုကဲ့သို့လျှပ်စစ်ဓာတ် ထုတ်ယူသော ဒိုင်နမိုများကို အနျုမြူစွမ်းအားဖြင့်လည်ပတ်နိုင်သည်။ အသုံးပြုပုံမှာ အလွန်ရိုးရှင်းလှပေသည်။ အနျုမြူဓာတ်ပေါက်ကွဲသောအခါ အပူစွမ်းအင်ကိုရရှိသည်။ ရရှိလာသော အပူစွမ်းအင်ကို ရေနွေးငွေ့ဘွိုင်လာအိုးများတွင် တပ်ဆင်အသုံးပြုလိုက်ခြင်းဖြင့် ဒိုင်နမိုများကို လည်ပတ်စေနိုင်မည်ဖြစ်သည်။ အနျုမြူ လောင်စာကို အသုံးချခြင်းဖြင့် စွမ်းအင်ကိုလိုသလောက်ထုတ်ယူ နိုင်ပြီးကုန်ကြမ်း အတွက်ရင်နှီးမှုမှာ အခြားစွမ်းအင် ရင်းမြစ်များနှင့် နိုင်းယှဉ်လျင်အလွန်သက်သာသည် ။ မြန်မာနိုင်ငံတွင် အနျုမြူစွမ်းအင် ကုန်ကြမ်းအဖြစ် ယူရေနီယံ သတ္တုများပေါများ ကြွယ်ဝလှသည်။ အနျုမြူ စွမ်းအင်သည်ဘိုးဘိုးအောင် သိဒ္ဓိပြီးသကဲ့သို့ကြိမ်ဖန်များစွာ ဆတိုးပွါးတတ် သောကြောင့် စွမ်းအင်အလုံ အလောက်ရရှိနိုင်ပေမည်။ ထိုကဲ့သို့အနျုမြူ စွမ်းအင်ရရှိရန်မှာ သိပ္ပံ အတတ်ပညာများ တတ်မြောက်ထား ရမည်။
အနျုမြူဓာတ်ရောင်ခြည်က ဆေးသိပ္ပံသုသေသနနှင့် ဆေးဝါးကုသရာတွင် လည်းကျယ်ပြန့် စွာအသုံးပြု လာကြသည်။ ဓာတ်ခွဲခန်းများ ရောဂါရှာဖွေခြင်းတွင် လည်းအသုံးပြုနိုင်သည်။ ကင်ဆာရောဂါ ကို ကုသရာတွင် (X-ray-hard) အိတ်စ်ရေး ဟုခေါ်သောလျှပ်စစ်ရောင်ခြည်ကုထုံးဖြင့်အသုံးချခဲ့ ကြသည်။ သို့သော် X-ray ရောင်ခြည် ကုထုံးသည် ကင်ဆာဆဲလ်များကို သာမက အနီးတ၀ိုက်ရှိပုံ မှန်ဆဲလ်တစ်ရှုး များကို သေစေနိုင်ကြောင်း တွေ့ရှိ ရသည်။ ထို့ကြောင့် ကင်ဆာရောဂါ ဓာတ်ကင်ကုသ သူများတွင် ဓာတ်ရောင်ခြည်သင့်ခြင်းနှင့် ရောဂါဖိစီးခြင်း ဝေဒနာကို နှစ်မျိုးစလုံးခံစားကြရသည်။ ထိုကြောင့် အနျုမြူ ဓာတ်ရောင်ခြည် တမျိုးဖြစ်သောနယူထွန်(Neutron-therapy) ကုထုံးဖြင့်အစားထိုးအသုံး ပြုလာကြသည်။ လျှပ်စစ်ဓာတ်မရှိသော အနျုမြူတမျိုးနယူထွန်သည် ကင်ဆာဆဲလ် များကိုသာ သေစေပြီး ပုံမှန်ဆဲလ် တစ်ရှုးများကို အန္တရာယ်မဖြစ်စေနိုင်ပေ။ထိုကြောင့် အနျုမြူသည် သက်ရှိလူသားများ ကိုဆက်လက် ရှင်သန်နိုင်ရန် ဆေးဝါး ကောင်းတလက် ဖြစ်လာကြာင်းတွေ့ ရပါသည်။
နှစ်သန်းပေါင်းများစွာက သက်ရှိသတ္တ၀ါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို တူးဖေါ်တွေ့ရှိ သောအခါ ၄င်းတို့ အသက်ရှင်နေထိုင်ခဲ့သည့် အချိန်ကာလကိုတွက်ချက်ဖေါ်ထုတ်ရာတွင် အနျုမြူရောင် ခြည်ဖြင့် အသုံးပြု ကြသည်။ ထိုကဲ့သို့အနျုမြူရောင်ခြည်အသုံးပြုခြင်းကို (Carbon-dating) ဟုခေါ်သည်။ ရှေးဟောင်း သုတေသန ဋ္ဌာနတွင်တူးဖော်တွေ့ ရှိရသည်များကို အနျုမြူရောင်ခြည်ဖြင့် စမ်းသပ်ဖေါ် ထုတ်ခြင်းသည် လွယ်ကူ ဆုံးနှင့်တိကျ သေချာဆုံးဖြစ်ကြောင်း လေ့လာတွေ့ ရှိရသည်။ ဘူမိဗေဒလုပ် ငန်းတွင်လည်း သတ္တုကြောများ ရှာဖွေခြင်းကို အနျုမြူဓာတ် ရောင်ခြည်ဖြင့် (neutron-activation method) သေချာတိကျစွာ စမ်းသပ်ရှာဖွေနိုင်သည်။
စက်ရုံအလုပ်ရုံများတွင်သတ္ထု အရည်ကျိုခြင်းနှင့် ကုန်ပစ္စည်းများ၏ အရည်အသွေးကို စစ်ဆေးဖေါ်ထုတ် ရာတွင် အနုမြူဓာတ်ရောင်ခြည်နည်းကို (neutron-activation method) အသုံးပြုကြရ ပေသည်။ ထို့ပြင်ဓာတုဗေဒ လုပ်ငန်းတွင်ဒြပ်စင်များ စမ်းသပ်ရှာဖွေသောအခါ အနျုမြူဓာတ်ရောင် ခြည်ကို အသုံးပြုကြရပေသည်။ စားသောက် ကုန်လုပ်ငန်းများတွင် ပိုးမွှားများသန့်စင်ရာတွင်လည်း အနျုမြူရောင် ခြည်ဖြင့်အသုံးပြုနေကြပြီ ဖြစ်သည်။ အနျုမြူ ရောင်ခြည်သည်လူသား အကျိုးပြုလုပ်ငန်းများတွင်အလွန် အသုံးဝင်သော ဓာတ်ရောင်ခြည် တမျိုးဖြစ်ပေသည်။
အနျုမြူဟူသောဝေါဟာရကိုမြန်မာလိုဖွင့်ဆိုရသော်(အနျု=အလွန်သေးငယ်သောမြူ =အမှုန် အလွန် သေးငယ်သောအမှုန်ဟု အဓိပ္ပါယ်ရပါသည်။ ၄င်းအမှုန်ကိုသာမန်မျက်စိဖြင့်မမြင်နိုင်ပါ။ အာရုံငါးပါး ဖြင့်လည်း ခံစားသိမြင်၍ မရပါ။ မိုက်ခရိုစကုတ်ဟုခေါ်သော အလွန်အားကောင်းသည့် မှန်ဘီလူး ဖြင့်လည်းစမ်းသပ်ကြည့်ရှုမရပါ။ သို့သော် အနျုမြူအမှုန်သည် တစ်လောကလုံးရှိ သက်ရှိ သတ္တ၀ါများကို မျိုးတုံးစေ နိုင်သည်။ သက်ရှိလူသားများ၏ ဘ၀လိုအပ်မှုများကို ဖြည့် ဆည်းပေးနိုင်သောစေတမန် နတ်တပါးလည်းဖြစ်နေသည်။ အမှန်တကယ် စဉ်းစားကြည့် လျင်အနျုမြူကို သက်ရှိလူသားများက ရှာဖွေ တွေ့ရှိခဲ့ကြသည်။ အန္တရာယ်ဖြစ်စေနိုင်အောင်လည်း ပြုလုပ်ခဲ့ ကြသည်။ လူကိုအကျိုးပြုနိုင်အောင် လည်း တီထွင်ခဲ့ ကြပြီ။ အနျုမြူသည် သဘာဝ အတိုင်း ရှိနေပြီး အသုံးချ သူမျုား၏ လက်တွင် ပုံစံအမျိုးမိျုးဖြင့် ဖြစ်ပေါ်ပြောင်းလဲသွားသည်။ လူသားအကျိုးပြုလုပ်ငန်းများအတွက် အသုံးချ လျင်ဘယ်ဘယ်မှာ ကြောက်လန့်စရာရှိတော့မည်နည်း။ ကျွန်တော်တို့သည် သာမာန်မျက်စိဖြင့်မမြင်နိုင်သော အနျု မြူကိုပညာမျက်စိဖြင့် မြင်နိုင်ရန် ကြိုးစားကြမည်ဖြစ်သည်။ အနျုမြူ လက်နက်ထုတ်လုပ်ခြင်းကိုဆန့်၍ အနျုမြူစွမ်းအင် ထုတ်လုပ်ပြီး တိုင်းပြည်တိုးတက်ရေး အတွက်ကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့သော် ကိုင်တွယ်အသုံးမချတတ်လျင် အသက်အန္တရာယ်ကြီးမားပေသည်။ ခေတ်မှီစက်ကိ ရိယာများဖြင့် စနစ်တကျကိုင်တွယ် အသုံးချနိုင်ရန် အရေးကြီးသည်။ ခက်ခဲနက်နဲသော နည်းပညာများ ကိုလည်း သင်ယူ တတ်မြောက် ထားရမည်ဖြစ်သည်။ သို့ မှသာဘေးမသီရန်မခဘဲ လူသားအကျိုးပြု လုပ်ငန်းများကို ဆက်လက် ဆောင်ရွက် နိုင်ပေတော့မည်။ အနျုမြူဟူသော အသံကြားလျင် ဗုံးတလုံးကဲ့သို့ ကြောက်ရွံ့နေသူများ၊ အနျုမြူ နည်းပညာများကို သင်ယူတတ်မြောက်ရန် ကြောက်ရွံနေသူများသည်မိုး ပြိုမှာကို ကြောက်တတ်သော ယုန်သူငယ်လေး ကဲ့သို့ရှိချေပြီ။ ထိုကဲ့သို့ ကြောက်ရွံနေပါက အဘယ်မှာ တိုးတက်ဖွံဖြိုးမှု ရရှိနိုင်တော့မည်နည်း။
ယခုရေးသားခဲ့သော အကြောင်းအရာများသည် အနျုမြူအကြောင်းကို မသိသေးသောသူ များအတွက် ဗဟုသုတအလို့ငှာ ရေးသားခြင်းဖြစ်သည်။ အနည်းငယ်သင်ယူ တတ်မြောက်ထား သူတို့အတွက်ကားအလုံးစုံ သိရှိပြီးဖြစ်ပေလိမ့်မည်။ အနျုမြူအကြောင်း မိတ်ဆက်တင်ပြခြင်းသာ ဖြစ်သည်။