Friday, September 18, 2009

နာ (၃) နာ နဲ့ ကျောင်းဆရာ ဘဝ

ကျောင်းဆရာတွေရဲ့ ဘ၀အကြောင်းကို စာရေးကြရာမှာပဲဖြစ်ဖြစ်၊ ဟောပြောကြရာမှာပဲဖြစ်ဖြစ် ၀ါသနာ၊ စေတနာ နဲ့ အနစ်နာ ဆိုတဲ့ နာ(၃)နာနဲ့ တွဲပြီး ပြောဆိုရေးသားကြတာတွေကို ငယ်ငယ်ကတည်းက ဖတ်ဖူးမှတ်ဖူးတယ်။ ကျွန်တော် ၉ တန်း ၁၀ တန်း လောက်တုန်းက အပတ်စဉ်လုပ်တဲ့ ဆရာ၊ ဆရာမတို့ သြ၀ါဒ ခံယူပွဲတွေမှာလည်း နာ(၃)နာနဲ့ပတ်သက်ပြီး အကျယ်တ၀င့် ဟောပြောတာတွေ နားထောင်ရတတ်တယ်။ အဲဒီတုန်းကတော့ အဲဒီနာ(၃)နာဟာ ဆရာကောင်းတစ်ယောက်ဖြစ်ဖို့ မရှိမဖြစ်အရေးကြီးတဲ့ လိုအပ်ချက်(၃)ခု ပဲလို့ထင်ခဲ့သေးတယ်။ အဲလိုလက်ခံထားတဲ့သူတွေလည်း မနည်းလောက်ဘူး။ အခုတော့ အဲဒီနာ(၃)နာနဲ့ပတ်သက်ပြီး တွေးကြည့်တယ်။ မင်းတွေးသမျှကလည်း အားလုံး ကန့်လန့်တွေကြီးပဲ လို့ဆိုရင်လည်း မတတ်နိုင်ဘူး။
ဝါသနာတဲ့။ ၀ါသနာဆိုတာ ကျွန်တော်နားလည်သလောက်တော့ မိမိစိတ်ပျော်ရွှင်မှုအတွက် လူတွေလုပ်တတ်တဲ့ အလေ့အထလေးတွေပါ။ ဥပမာပြောရရင် သီချင်းဆိုတာဝါသနာပါတယ်။ စာဖတ်တာဝါသနာပါတယ်။ စသဖြင့်ပေါ့။ အဲဒီနေရာမှာ ဆရာလုပ်ရတာဝါသနာပါတယ်ဆိုတဲ့( ကိုယ်သိတဲ့အကြောင်းအရာတွေကို ရှင်းလင်းပြောကြားရတာဝါသနာပါတယ်ဆိုတဲ့) လူတွေလည်း ရှိတတ်တာပဲ။ ၀ါသနာနဲ့အလုပ် တထပ်တည်းကျနေရင် အလုပ်မှာစိတ်ပါတယ်။ စိတ်ပါလက်ပါလုပ်တော့ လုပ်ငန်းပိုတွင်ကျယ်တယ်။ ကောင်းတယ်လို့ ပြောရမှာပေါ့။ အဲဒါက ကျောင်းဆရာဘ၀နဲ့ ဘာဆိုင်တာမှတ်လို့။ ဘယ်အလုပ်ပဲဖြစ်ဖြစ် ကိုယ့်ဝါသနာနဲ့ ကိုယ်ရွေးချယ်ပြီး စိတ်ပါလက်ပါလုပ်မယ်ဆိုရင် အောင်မြင်မှုပိုရနိုင်ပါတယ်။
ကျွန်တော်တွေ့ဘူးတဲ့ ဆရာတစ်ယောက်အကြောင်း ပြောချင်တယ်။ သူက စာသင်လည်းအရမ်းကောင်းတယ်။ အတန်းထဲမှာ သူပြောလေ့ရှိတာက " စာသင်ရတဲ့အလုပ်ကို ငါလုံး၀၀ါသနာမပါဘူး။ ငါက စာပဲရေးချင်တာ " တဲ့။ သူသင်ရတဲ့ဘာသာရပ်က အင်္ဂလိပ်စာ။ စာရေးဆရာဖြစ်ချင်တဲ့လူဆိုတော့ စာဖတ်အားလည်း တော်တော်ကောင်းတယ်ထင်တယ်။ စာရှင်းတဲ့အခါ စိတ်ဝင်စားစရာ ပြင်ပဗဟုသုတတွေနဲ့ ဝေေ၀ဆာဆာရှင်းပြတတ်တယ်။ သဒ္ဒါဆိုလည်း မြန်မာ၊ အင်္ဂလိပ် ၂ ခုစလုံး ကျွမ်းကျင်ပုံဘဲ။ မေးလာသမျှမေးခွန်းအားလုံးကို ဖြေရှင်းပေးဖို့ အမြဲတမ်းအဆင်သင့်ရှိတယ်။ စာသင်ရတာ လုံး၀၀ါသနာမပါဘူး ဆိုပေမယ့် အဲဒီဆရာမျိုးကို ဆရာကောင်းတစ်ယောက် မဟုတ်ဘူးလို့ ဆိုနိုင်ပါ့မလား။ နောက်ထပ် စဉ်းစားမိတာတစ်ခုက ဆရာတစ်ယောက်ဟာ ၀ါသနာတော့ပါပါရဲ့။ ဒါပေမယ့် ကိုယ်တာဝန်ယူ ပို့ချရမယ့်ဘာသာရပ်ကို မကျွမ်းကျင်ရင် ( ကျွမ်းကျင်ပေမယ့် ကျောင်းသားနားလည်အောင် ရှင်းမပြတတ်ရင် ) ဆရာကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလား။
ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်ရမယ်ဆိုရင် ကျောင်းဆရာရယ်မှမဟုတ်ပါဘူး ဘယ်အလုပ်ပဲဖြစ်ဖြစ် ပိုပြီးအောင်မြင်နိုင်ပါတယ်။ ၀ါသနာလုံးဝမပါဘူးဆိုပေမယ့် ကိုယ်တာဝန်ယူရမယ့် အပိုင်းကိုကိုယ်ကျွမ်းကျင်ရင် တာဝန်ကျေတဲ့ဆရာကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။ ပြီးတော့ ၀ါသနာပါတယ် ဆိုရုံလေးနဲ့လည်း ဘယ်လိုမှဆရာကေင်းတစ်ယောက်ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။
နောက်ထပ်နာတစ်ခုဖြစ်တဲ့ စေတနာဆိုတာကရော ကျောင်းဆရာတွေအတွက်သာ လိုအပ်တာလား။ ကျောင်းဆရာကောင်းတစ်ယောက်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်ချက်လား။
ကျွန်တော် တက္ကသိုလ်တတိယနှစ်တုန်းက တွေ့ခဲ့တဲ့ဆရာတစ်ယောက် အကြောင်းပြောပြချင်တယ်။ သူကဘာတွေမကျေမနပ်ဖြစ်နေလည်းတော့မသိဘူး။ သူစိတ်ဆိုးသမျှတွေကို ကျောင်းသားတွေဆီမှာ ပေါက်ကွဲတတ်တယ်။ သူရုံးတတ်ရတဲ့ မိခင်ဌာနကတစ်နေရာ သူစာလာသင်ရတဲ့ ကျွန်တော်တို့ကျောင်းကတစ်နေရာဖြစ်နေတယ်။ သူစိတ်ဆိုးရင်ပြော တတ်တဲ့စကားက " မင်းတို့လည်းဝတ္တရားအရ လာထိုင်နေတာ။ ငါလည်း ၀တ္တရားအရ လာသင်နေရတာ။ ဟောဒီမှာကြည့်။ မင်းတို့အတွက်ရေးထားတဲ့မှတ်စုစာရွတ်တွေ။ ငါ့ငွေနဲ့ငါဝယ် ရတယ်။ မင်းတို့ကျောင်းကို ငါ့အစီအစဉ်နဲ့ငါလာခဲ့ရတယ်။ အခြေအနေက အဲလောက်ထိဆိုးနေပြီ။ ငါကတာဝန်ကျေအောင်တော့ လာသင်နေမှာပဲ။ ဘာပြဿနာမှ မရှာချင်ကြနဲ့။ အေးအေးဆေးဆေးနေကြ။ " တဲ့။ အဲဒီလိုကြီးဆိုတော့လည်း စေတနာမပါဘဲ စာသင်နေတယ်ပြောရတောမှာပေါ့။ ဒါပေမယ့်သူက အချိန်နောက်မကျဖူးဘူး။ အတန်းလည်းလုံးဝမပျက်ဖူးဘူး။ သင်ရိုးကိုလည်းကုန်အောင် သင်တယ်။ သင်ပုံကတော့ ၀တ္တရားကျေပါပဲ။ သူအတန်းထဲမှာ သင်ပေးသလောက်နဲ့ အဆင်ပြေတဲ့ကျောင်းသားတွေလည်း အများကြီးပါ။ အဆင်မပြေလို့သွားမေးရင်လည်း ဆရာ့ဝတ္တရားအရပဲလားတော့မသိ၊ ရှင်းပြပေးတတ်ပါတယ်။ သူ့ကိုကြောက်တော့ သွားမေးတဲ့သူတော့နည်းတာပေါ့။
အဲဒီဆရာက ကျောင်းသားတွေစေတနာထား သင်ကြားပေးတယ်လို့ မဆိုသာပေမယ့်၊ အချိန်ကိုလေးစားတယ်။ သင်ရိုးကိုပြတ်အောင်၊ တာဝန်ကျေအောင် သင်ပေးတယ်။ တာဝန်ယူရတဲ့ ဘာသသာရပ်ကိုလည်း ကျွမ်းကျင်တယ်ဆိုတော့၊ ကျောင်းသားအများစုဟာ အဲဒီဘာသာကို အခက်အခဲမရှိ အောင်မြင်ခဲ့ကြပါတယ်။ ဆရာတပည့်ဆက်ဆံရေးကတော့ နွေးထွေးပျော်ရွှင်စရာကောင်းတဲ့ အနေအထားမရှိခဲ့ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် အရမ်းတာဝန်ကျေတဲ့ ဆရာ့ကို ဆရာကောင်းတစ်ယောက် မဟုတ်ဘူးလို့ပြောရမှာ ကျွန်တော်အတွက်တော့ အရမ်းခက်နေတယ်။ ဒီနေရာမှာလည်း (၀ါသနာအကြောင်း ပြောတုန်းကမေးခဲ့သလို) မေးရရင်၊ ဆရာတစ်ယောက်ဟာ စေတနာတော့အရမ်းကောင်းပါရဲ့။ ဒါပေမယ့် ကိုယ်တာဝန်ယူ ပို့ချရမယ့်ဘာသာရပ်ကို မကျွမ်းကျင်ရင် ( ကျွမ်းကျင်ပေမယ့် ကျောင်းသားနားလည်အောင် ရှင်းမပြတတ်ရင် ) ဆရာကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလား။
ဘယ်အလုပ်ပဲဖြစ်ဖြစ် (နောက်ဆုံးကွမ်းယာရောင်းတာကစလို့ ) စေတနာထားပြီး လုပ်မယ်ဆိုရင် အလုပ်သဘောအရ ကိုယ်နဲ့လာပြီး ဆက်သွယ်ပတ်သက်သူတွေ ကိုစိတ်ချမ်းသာစေမှာပါ။ အဲလိုမဟုတ်ဘဲ ကိုယ့်အကျိုးလေးတစ်ခုတည်း ကြည့်ပြီး လုပ်အား နဲ့ အချိန်ကုန်၊ ငွေကုန် သက်သာရင်ပြီးရော ဆိုတဲ့စိတ်ဓါတ်နဲ့ လုပ်မယ်ဆိုရင်တော့ ရလဒ်ကောင်းတွေလည်း ရနိုင်မှာမဟုတ်ဘူး။ အလုပ်သဘောအရ ကိုယ်နဲ့လာပြီး ဆက်သွယ်ပတ်သက်သူတွေကိုလည်း အခက်အခဲနဲ့ တွေ့စေတာတွေ၊ စိတ်အနှောက်အယှက်ဖြစ်စေတာတွေ ကြုံရနိုင်တာပေါ့။
စေတနာရဲ့သဘောကိုက တစ်ဖက်သားအကျိုးကိုကြည့်ခြင်းပါ။ ကျောင်းဆရာအလုပ်ရယ်မှမဟုတ်ပါဘူး ဘယ်အလုပ်ပဲဖြစ်ဖြစ် စေတနာထားဆောင်ရွက်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ စေတနာမပါဘဲ လုပ်နေတော့ရော အရေးကြီးတဲ့တခြား အရည်အချင်းတွေရှိရင် ဆရာကောင်းတစ်ယောက် ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။
နောက်ဆုံးနာတစ်ခုကတော့ အနစ်နာတဲ့။ လုံးဝမဖြစ်သင့်တဲ့ နာကြီးပဲလို့ မြင်မိတယ်။ ကျောင်းဆရာလုပ်တာနဲ့ပဲ အနစ်နာခံရတော့မှာလား။ ကျောင်းဆရာဆိုတာ အစိုးရ၀န်ထမ်းပါ။ အစိုးရ၀န်ထမ်းပဲဖြစ်ဖြစ်၊ ပုဂ္ဂလိက၀န်ထမ်းပဲဖြစ်ဖြစ် ရသင့်ရထိုက်တဲ့ ၀န်ထမ်းအခွင့်အရေးတွေအားလုံး အပြည့်အ၀ ရနေရင် ဘာများအနစ်နာခံစရာ ရှိလဲ။ မရကြဖူးဆိုရင်လည်း ရအောင်ကြိုးစားကြရ တောင်းဆိုကြရမှာပေါ့။ အစိုးရတွေအနေနဲ့လည်း ဖြည့်ဆည်းပေးဖိုတာဝန်ရှိတာပေါ့။
ဝန်ထမ်းအခွင့်အရေးဆိုတာလည်း အများကြီးတော့ ကျွန်တော် နားမလည်ပါဘူး။ ကျွန်တော်စဉ်းစားမိသလောက်ကတော့ မရရှိလို့မဖြစ်တဲ့ အခွင့်အရေး (၃) ခုရှိတယ်။
၁။ လုပ်ငန်းခွင်လုံခြုံမှုရှိရေး
လုပ်ငန်းခွင်အနေအထားဟာ ၀န်ထမ်းတွေရဲ့ အသက်အန္တရယ်ကိုဖြစ်စေ၊ ကျန်းမာရေးကိုဖြစ်စေ ထိခိုက်စေနိုင်ရင်၊ လိုအပ်တဲ့လုံခြုံရေး ကိရိယာ တန်ဆာဗလာတွေကို အလုပ်ရှင်က အပြည့်အ၀ ဖြည့်ဆည်းပေးရမယ်။ လိုအပ်မယ်ဆိုရင် အစိုးရက ဥပဒေတွေ ပြကျဌာန်းပြီး ၀န်ထမ်းတွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးရမယ်။
၂။ သင့်တင့်လျောက်ပတ်သော အလုပ်ချိန် နှင့် အနားယူချိန် ရရှိရေး
စိတ်ဖိစီးမှု နဲ့ ခန္ဓာကိုယ်ပင်ပန်းမှု အလွန်ကျွံမဖြစ်အောင် ၀န်ထမ်းတွေအတွက် သင့်တင့်လျောက်ပတ်သော အလုပ်ချိန် နှင့် အနားယူချိန်တွေကို တစ်နေ့တာအတွက်၊ သီတင်းတစ်ပတ်တာအတွက် နဲ့ တစ်နှစ်တာကာလတွေအတွက် စသည်ဖြင့် သက်မှတ်ထားဖို့ လိုအပ်တယ်။ သတ်မှတ်ထားတဲ့ အချိန်ထက်ကျော်လွန်အောင် တာဝန်ထမ်းဆောင်ရမယ်ဆိုရင် လုပ်ငန်းအဆင်ပြေစေရေးအတွက် ကိုယ်ပိုင်အနာယူချိန်ကို ပေးလိုက်ရတာဖြစ်လို့ ၀န်ထမ်းတွေဟာ ပုံမှန်လုပ်အားခထက်သာလွန်တဲ့ အချိန်ပိုကြေး ရပိုင်ခွင့်ရှိရမယ်။ ( အချိုနိုင်ငံတွေမှာ အလုပ်အကိုင်ရှားပါးမှုအပေါ် အခွင့်ကောင်းယူပြီး အလုပ်ရှင်တွေက အချိန်ပိုကြေးမပေးပဲ သက်မှတ်ချိန်ထက်ကျော်လွန်အောင်ခိုင်းတတ်ကြတယ် )
၃။ အနည်းဆုံး စားဝတ်နေရေးကို အာမခံပေးနိုင်တဲ့ လုပ်အားခရရှိရေး
အလုပ်လုပ်နေတဲ့ ၀န်ထမ်းတိုင်းဟာ လူတစ်ယောက်အနေနဲ့ ရပ်တည်နိုင်အောင် အခြေခံအကျဆုံးဖြစ်တဲ့စားဝတ်နေရေးကို အာမခံပေးနိုင်တဲ့ လုပ်အားခရရှိဖို့လိုအပ်တယ်။ ( တရားဝင်ရရှိတဲ့ ၀င်ငွေက စားဝတ်နေရေးအတွက် မလုံလောက်ရင် ၀န်ထမ်းတွေဟာ အလုပ်ထဲမှာ တရားမ၀င်ငွေရှာလာတတ်ကြတယ်။ အဲဒီလိုအခါမှာ အဂတိလိုက်စားမှုနဲ့ လတ်ပေးလတ်ယူ ပြဿနာတွေက ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာကြီးတွေဖြစ်နေတတ်ကြတယ်။ )
အခုပြောခဲ့တဲ့ အခွင့်အရေးတွေအပါအ၀င် အခြားရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအားလုံး ရနေမယ်ဆိုရင် ကျောင်းဆရာရယ်မှမဟုတ်ပါဘူး ဘယ်ဝန်ထမ်းပဲဖြစ်ဖြစ် အနစ်နာခံတာဝန်ထမ်းစရာ မလိုတော့ဘူးပေါ့။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခုခု ဆုံးရှုံးနေပြီဆိုရင်လည်း " ပီတိကိုစားအားရှိပါ၏။ " ဆိုတဲ့စကားမျိုးနဲ့ ချွေးသိပ်နေမယ့်အစား ကိုယ်ရသင့်တဲ့အခွင့်အရေးကို တောင်းဆိုသင့်တာပေါ့။ အနစ်နာခံရတယ်ဆိုတာကိုက မညီမျှခြင်းသဘောကို ဆောင်နေလို့ လုံးဝမဖြစ်သင့်တဲ့အရာပါ။
ကျွန်တော်စဉ်းစားခဲ့သမျှအားလုံးကန့်လန့်တွေကြီး ဖြစ်နေမလားတော့မသိဘူး။ ကျောင်းဆရာတို့ရဲ့ဘ၀ကို စေတနာ၊ ၀ါသနာ၊ အနစ်နာ ဆိုတဲ့ နာ(၃)နာနဲ့ ပုံဖေါ်တာဟာ ဆဒ္ဒန်ဆင်နဲ့ ကြွက်ခလောင်း စေ့စပ်ကြောင်းလမ်းတာလောက်မှ မနီးစပ်ဘူးလို့ မြင်မိတယ်။

0 comments:

Post a Comment