Friday, September 18, 2009

ပညာရေးစနစ် တစ်ခုရဲ့ရည်ရွယ်ချက်က လူတိုင်းဘွဲ့ရကြဖို့လား

ဘယ်နေ့ကလည်းတော့ မမှတ်မိတော့ပါ။ စာသင်ခန်းထဲမှာ ဆရာနဲ့ စကားလက်ဆုံကျနေရင်း ဆရာက သူတို့နိုင်ငံရဲ့ပညာရေစနစ်အကြောင်း ပြောပြခဲ့တယ်။ ဒီနိုင်ငံမှာ အခြေခံပညာပြီးသွားတဲ့ ကျောင်းသားတွေကို အဆင့်မြင့်ပညာသင်ခွင့်ရှိတဲ့သူရယ်၊ အသက်မွေးပညာသာသင်ခွင့်ရှိတဲ့သူရယ်ဆိုပြီး ခွဲခြားလိုက်တယ်တဲ့။ အဲဒီလိုဆိုတော့ ကျွန်တော်တို့က မေးကြတာပေါ့။ အသက်မွေးပညာသာ သင်ခွင့်ရှိတဲသူတွေက တစ်သက်လုံး ဘွဲ့မရနိုင်တော့ဘူးလားလို့။ အဲဒီတော့ ဆရာကပြောတယ်...
နိုင်ငံတစ်ခုမှာ ဦးဏှောက်နဲ့ အလုပ်လုပ်မယ့်သူတွေတင် လိုအပ်တာမဟုတ်ဘူး။ ခြေတွေလက်တွေနဲ့ အလုပ်လုပ်မယ့်သူတွေလည်း လိုတာပဲ။ ဘွဲ့မရတာနဲ့ လူရာမ၀င်တော့တာမှ မဟုတ်တာ။ သူလုပ်နိုင်တာတွေ အများကြီးရှိတာပဲ။ ပြီးတော့ ဘယ်သူဟာ ဘယ်ပညာရေးနဲ့ သင့်တော်တယ် ၊ဘယ်သူဟာ ဘယ်အသက်မွေးမှုနဲ့ သင့်တော်တယ် ဆိုတာကို အကြမ်းသဘော ခွဲခြားပေးခြင်းကိုက အခြေခံပညာ စာစစ်အဖွဲ့ ရဲ့အရေးကြီးတဲ့ အလုပ်တာဝန်တစ်ခုပဲ။ ပညာရေး စနစ်ကောင်းဆိုတာ လူတိုင်းကို ဘွဲ့ရအောင်လေ့ကျင့်ပေးဖို့မှ မလိုတာတဲ့။ လူတိုင်းကို အသက်မွေးနိုင်အောင်၊ ပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်အောင် ပညာပေးလိုက်နိုင်ရင်၊ အကျင့်စာရိတ္တကောင်းအောင် လေ့ကျင့်ပေးနိုင်ရင် အဲဒီစနစ်ကို ပညာရေးစနစ်ကောင်းလို့ ပြောရမှာပေါ့တဲ့။ ပညာရေးစနစ်နဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်တွေပြောပြီးတော့ ဆရာက ကျွန်တော်တို့ကို မေးတယ် မင်းတို့နိုင်ငံမှာ လူတိုင်းဘွဲ့ရဖို့ လိုနေလို့လားတဲ့။ အားလုံးကိုဘွဲ့ရပညာတတ်တွေဖြစ်အောင် အခြေခံပညာအဆင့်မှာ ဘယ်လိုလေ့ကျင့်ပေးလိုက်လဲတဲ့။
ကျွန်တော်ကတော့ သူ့အမေးတွေကို မဖြေပဲ ကိုယ့်နိုင်ငံရဲ့ ပညာရေးစနစ်ဟာ ဆရာပြောတဲ့ ပညာရေးစနစ်ကောင်း တစ်ခုရဲ့ အဓိကရည်ရွယ်ချက် (၂) ခုကိုဘယ်လောက်ထိ ဖြည့်ဆည်းပေးနိုင်သလဲဆိုတာကိုပဲ စဉ်းစားနေမိတယ်။



သာသနာရေး


တန်ဖိုးကြီးလှ လူ့ဘဝ


တန်ဖိုးကြီးလှ လူ့ဘဝ

ဗုဒ္ဓဘာသာစာပေလာ ဘုံဘဝအယူအဆတွေအရ၊ သတ္တလောကထဲမှာ ကျွန်တော်တို့ရနိုင်တဲ့ ဘဝတွေကတော့ ငရဲတိရိစ္ဆာန်ဘဝ၊ လူ့ဘဝ၊ နတ်ဘဝ၊ ဗြဟ္မာဘဝတို့ဖြစ်ပါတယ်။ အမျိုးမျိုးသော ဘဝတွေထဲမှာ လူ့ဘဝဟာ တန်ဖိုး အရှိဆုံးပဲလို့ ကျွန်တော်ကတော့ ပြောချင်တယ်။

တန်ဖိုးးကို လူတွေက အမျိုးမျိုး သတ်မှတ်ကြမှာပါ။ အချို့က ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝမှု၊ အချို့ကလည်းရာထူးဂုဏ်ထူး ကြီးမားမှု၊ အချို့ကလည်း ပညာဗဟုသုတ ပြည့်စုံမှု စသဖြင့် ကိုယ့်စိတ်ညွတ်ရာကိုယ် တန်ဖိုးအဖြစ် သတ်မှတ်ကြပါလိမ္မယ်။

ဒီပို့မှာတော့ သတိ၊ ဝီရိယ နဲ့ ဉာဏ် ဆိုတဲ့ တရား သုံးပါး အကျိုးပေးမှုကို ကျွန်တော်က တန်ဖိုးအဖြစ်ပြောချင်ပါတယ်။ အဲဒီသုံးပါးကို ပယောဂ တရားတွေလို့လည်း ခေါ်ကြပါတယ်။ အဲဒီတရားသုံးပါးနဲ့ ပြည့်စုံရင်တော့ ပယောဂသမ္ပတ္တိ ဖြစ်နေတယ်လို့ ဆိုပြီး။ အဲဒီတရား သုံးပါး ပျက်စီးရင်တော့ ပယောဂဝိပတ္တိ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ သြကာသ ဘုရားရှိခိုးမှာ ပါတဲ့ ဝိပတ္တိတရား ၄-ပါးထဲက တစ်ပါးပါပဲ။ သတိ၊ ဝီရိယနဲ့ ဉာဏ် တို့ရဲ့ ချို့ယွင်းမှုကို မလိုချင်ကြလို့ ဗုဒ္ဓဘာသာ မြန်မာတွေ အမြဲလိုလို ဆုတောင်းနေကြပါတယ်။

တကယ်တော့ ဆုတောင်းနေရုံနဲ့ အလိုလို ပြည့်စုံလာမယ့် တရားတွေတော့လည်း မဟုတ်ပါဘူး။ သတိ၊ ဝီရိယ၊ ဉာဏ် တို့နဲ့ ပြည့်စုံအောင် ဆိုတာ လေ့ကျင့်ယူကြရမှာပါ။ အဲဒီတရား သုံးပါးက လူတိုင်းမှာ မွေးရာပါ ပဋိသန္ဓေအားဖြင့်လည်း အထိုက်အလျောက် ပါကြပါတယ်။ အဲဒီနောက်ပိုင်းလည်း လေ့ကျင့်ယူနိုင်ရင် တိုးတတ်ပါတယ်။

ဖော်ပြပါ တရားသုံးပါ ချို့ယွင်းရင် လူ့အောက်တန်းကျစမြဲပါပဲ။ သုံးပါးစုံ ချို့ယွင်းခြင်းကို မဆိုထားနဲ့ သတိတစ်ခုတည်းပင် အလွန်အမင်း ချို့ယွင်းလာပြီဆိုရင် အဲဒီလူတစ်ယောက်ဟာ အခြားအရည်အချင်းတွေ မည်မျှပြည့်စုံနေသော်လည်း အရေးပါတဲ့ နေရာတွေမှာ သုံးလို့ မဖြစ်နိုင်တော့ပါဘူး။ ဝီရိယနဲ့ ဉာဏ် ၂-ပါးလည်း ထို့နည်းတူပါပဲ။ တစ်ပါးပါးက အလွန်အမင်း ချို့ယွင်းလာရင် သုံးစားလို့ မရနိုင်တော့ပါဘူး။

သတိကောင်းရင်ကောင်းသလို လုပ်ငန်းခွင်ထဲမှာ၊ အရောင်းအဝယ်လောကမှာ ပညရှာရာမှာ စသဖြင့် နေရာစုံအောင် ရှေ့တန်းကဦးဆောင်မြဲပါ။ ဝီရိယ အားစိုက်နိုင်ရင် စိုက်နိုင်သလို နေရာတကာမှာ ရှေ့တန်းက ဦးဆောင်နေမြဲပါ။ ဉာဏ်လို့ ဆိုရာမှာလည်း ထို့နည်းတူပါပဲ။ ဒီနေရာမှာ လောကီကြီးပွားကြောင်း သက်သက်ကို ပြောရင်တော့ ဝိပဿနာဉာဏ် ကဲ့သို့သော အပြစ်ကင်းစင်တဲ့ ဉာဏ်ပညာမျိုးတင် မဟုတ်ပါဘူး။ အတွေးအခေါ်ဉာဏ်၊ ဖြတ်ထိုးဉာဏ်၊ ပညာဗဟုသုတ သာမက ဉာဏ်နီ၊ ဉာဏ်နက် တို့ပါ အကျုံးဝင်ပါတယ်။

သတိ၊ ဝီရိယ၊ ဉာဏ် သုံးပါးမှာ အပြစ်ကင်းစင်တဲ့ ပရောဂတရားတို့သာ ထားရှိကြရင်တော့ အကောင်းဆုံးဖြစ်ပါလိမ္မယ်။ ဒါပေမဲ့ သံသရာအတွက် အကြွေးမကင်းသော်လည်း သတိ၊ ဝီရိယ၊ ဉာဏ်ကောင်းလို့ ပြိုင်ဖက်ကို အလဲထိုးထားနိုင်တာမျိုး၊ လက်ဦးမှုရယူပြီး ကိုယ်က ကြိုကြိုတင်တင် လုပ်စရာရှိတာတွေ ပြင်ဆင်ထားနိုင်တာမျိုးဟာလည်း လက်တွေ့လူ့လောကမှာတော့ အကျိုးပေးနေတာ တွေ့ရပါတယ်။ ဒီစကားက လက်တွေ့လောကတွေထဲမှာ တွေ့နေရလို့သာ ချရေးလိုက်တာပါ။ တကယ်တော့ အကုသိုလ် အပြစ်တွေ ဖြစ်စေနိုင်တဲ့ သတိမျိုး၊ ဝီရိယမျိုး၊ အောက်တန်းကျတဲ့ ဉာဏ်မျိုးတွေက မထားသင့်ပါဘူး။

စီးပွားရှာမယ်၊ ပညာရှာမယ်၊ တရားရှာမယ်ဆိုရင် လူတွေက ဒီပရောဂ တရားသုံးပါးကိုပဲ အားကိုပြီး ရှာကြရတာပါပဲ။ တရားရှာတဲ့နေရာမှာတော့ ပယောဂတရား သုံးပါးကို ဣနြေ္ဒ ၅-ပါးဖြစ်အောင် ချဲ့ပြီးပြောရမယ်ထင်တယ်။

သတိဆိုတာကတော့ သတိနြေ္ဒတစ်ပါး အဖြစ်ရေတွက်ပါ့မယ်။ ဝီရိယ ဆိုတဲ့တရားကတော့ အားကောင်းကောင်း စိုက်ထုတ်ဖို့လိုတာ မှန်ပေမဲ့ ညီမျှတဲ့ သမာဓိအား မရှိရင် စိတ်ကရှေ့ကိုစောပြီး ပျံ့လွန့်နိုင်တာကြောင့်မိုလို့ ဣနြေ္ဒအားဖြင့် ဝီရိယရယ်၊ သမာဓိရယ် ၂-ပါးရေတွက်ရပါမယ်။ ဉာဏ်ဆိုတဲ့ နေရာမှာလည်း သိလွယ်မြင်လွယ်တဲ့ ထက်မျက်တဲ့ ဉာဏ်ပညာ လိုအပ်တာမှန်သော်လည်း ပညာဉာဏ်က လွန်ကဲပြီး ဘုရား၊ တရား၊ သံဃာ အပေါ်ကြည်ညိုတဲ့စိတ် သဒ္ဓါတရား မထားရှိနိုင်အောင် ဖြစ်လာရင်တော့ တရားထူးရနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဉာဏ်ဆိုတဲ့ ပရောဂတရားအကြောင်းပြောရင် ဣနြေ္ဒအားဖြင့် ပညာနှင့် သဒ္ဓါဆိုပြီး ၂-မျိုး ပြောရပါလိမ္မယ်။

အခုကျွန်တော်ပြောခဲ့သလို အသုံးချသွားမယ်ဆိုရင် ပယောဂ တရားတွေဟာ စီးပွားရေး၊ ပညာရေး မှာသာမက တရားထူး တရားမြတ်ရရှိသည်အထိ ကျေးဇူးပြုနိုင်ကြပါတယ်။

ဘဝအမျိုးမျိုးတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လူ့ဘဝအောက် နိမ့်ကျတဲ့ ငရဲတိရိစ္ဆာန်ဘဝတွေဟာ ရှေးက အကုသိုလ်ကံကြွေးတွေ ဆပ်နေရတဲ့ ဘဝမျိုးပါ။ အဲဒီဘဝမျိုးရောက်ခါမှ ပယောဂတရား သုံးပါး အားထုတ်နေလို့လည်း အကျိုးကျေးဇူး တစ်စုံတရာ ဖြစ်တော့မှာ မဟုတ်ပါဘူ။

နတ်ဗြဟ္မာဘဝတွေရရှိတဲ့ ကာလဟာလည်း ရှေးက ပြုဖူးတဲ့ ကုသိုလ်ကံ အကျိုးတွေကို စံစားနေရတဲ့ ကာလဖြစ်ပါတယ်။ ရှေးက ကုသိုလ်ကံကောင်းရင်ကောင်းသလို ပိုမိုသာလွန်တဲ့ ဘုံဗိမာန်တို့နဲ့နေကြရပြီး ကိုယ်ရောင် ကိုယ်ဝါလည်း သာလွန်ကြတယ်လို့ ဆိုကြပါတယ်။ လက်တွေ့ ပယောဂတရားတို့ကတော့ လွန်စွာ အကျိုးမပေးတတ်ကြပါဘူး။ ဒါကြောင့် ဘုရားအလောင်တော်တို့ ကဲ့သို့သော ပါရမီဖြည့်လိုသူတွေဟာ အခါအားလျှော်စွာ လူ့ပြည်ကို ဆင်းပြီး ပါရမီအလုပ်တွေကို ကြိုးစား ဖြည့်ဆည်းကြရပါတယ်။

ဗုဒ္ဓဘာသာ စာပေမှာ လာရှိတဲ့ ဘဝအမျိုးမျိုးရှိတဲ့ အနက်မှ လူ့ဘဝဟာ ပယောဂတရားသုံးပါး အကျိုးကျေးဇူးကို လက်တွေ့အနေအားဖြင့်ရော သံသရာအတွက်ပါ အကောင်းဆုံး ခံစားစံစားနိုင်တဲ့ နေရာဖြစ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဖန်ဆင်းရှင်ဝါဒကို လက်ခံသူများအနေနဲ့လည်း ကျမ်းဂန်မှာ လာရှိတှဲံ ဖန်ဆင်းသူအပါအဝင်၊ ဖန်ဆင်းခံ အမျိုးမျိုးရဲ့ ဘဝကို ပြန်ကြည့်မယ်ဆိုရင် လူ့ဘဝသည်သာ ပရောဂတရား သုံးပါးတို့ရဲ့ အားအကောင်းဆုံးသော ဖန်ဆင်းခံဘဝဆိုတာတွေ့ရမှာပါ။

ဖော်ပြပါ သတိ၊ ဝီရိယ၊ ဉာဏ် ဆိုတဲ့ ပယောဂတရားသုံးပါးတို့ကို အပြစ်ကင်းစွာ အားထုတ်ဖြည့်ဆည်းနိုင်ကြပြီး စည်းစိမ်ဥစ္စာ၊ ပညာဗဟုသုတနှင့် မြတ်တရားတို့ပါ ရှာဖွေနိုင်ကြပါစေ။

0 comments:

Post a Comment