Friday, September 18, 2009

ဈေးကွက်ဝင်ပညာရေးစနစ် (၂)

ဈေးကွက်ဝင်ပညာရေးစနစ် (၂)
အခုဆက်ပြောမယ့် အပိုင်းကတော့ နည်းပညာတက္ကသိုလ်နဲ့ ပိုဆိုင်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းဖြစ်တွေက အရည်အချင်းညံ့နေတော့ နိုင်ငံခြားဖြစ်ပစ္စည်းဆိုမှ အထင်ကြီးတာက တော်တော် အခြေအနေဆိုးနေပြီ။ အခုဆိုရင် ကလေးကစားစရာ ပစ္စည်းတောင်နိုင်ငံခြားက ၀ယ်လာမှ (ပို့ပေးမှ) ဂုဏ်ရှိသလိုဖြစ်နေပြီ။ နိုင်ငံခြားတိုင်းပြည်တွေက အရာရာမှာကိုယ့်ထက် တိုးတတ်နေကြတော့ သူတို့ဆီက လာတဲ့ ပစ္စည်းတွေက ပိုကောင်းနေကြမှာပါ။ ဒါပေမယ့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲအတွက် ရေပြွတ်ထုတ်တဲ့ လုပ်ငန်းကိုတော့ မြန်မာနိုင်ငံက ရှေ့တန်းက ဦးဆောင်မနေရင်တောင် နောက်တော့ကျမနေသင့်ဘူးထင်တယ်။ ခုတော့ ဒါကိုလည်း နိုင်ငံခြားကပဲ ၀ယ်သုံးနေရတာပါပဲ။ ကျွန်တော်တို့ နည်းပညာတက္ကသိုလ်က သက်ဆိုင်ရာဌာနတွေ ဘာတွေလုပ်နေကြလဲ။ အခြားအဆင့်မြင့်တဲ့ သုတေသနတွေလုပ်နေရတာနဲ့ အလှမ်းကျယ်အလယ်လပ် ဖြစ်နေတာလား။ ဘာအခက်အခဲတွေများ ရှိနေကြလို့လဲ။ တကယ်ဆိုရင် ဒီလိုပစ္စည်းမျိုးကို ပြည်တွင်းတက္ကသိုလ်တွေက ရှာဖွေတွေ့ရှိထားတဲ့ နည်းပညာတွေနဲ့ ပြည်တွင်းကစက်ရုံတွေမှာပဲ အကောင်းဆုံး ထုတ်လုပ်နိုင်သင့်ပါတယ်။ (ရိုးရာသင်္ကြန် သံချပ်ကလည်း နိုင်ငံခြားကလာမှ နားထောင်လို့ ရတော့တယ်လို့ စဉ်းစားမိတော့ ရေပြွတ်ကိုနိုင်ငံခြားက ၀ယ်သုံးရတာလည်း မဆန်းပါဘူး လို့ပြောလို့လည်းရမလားမသိဘူး။) ရိုးရာပွဲတော်အတွက် ကလေးကစားစရာကို ပြည်ပကတင်သွင်း နေရတဲ့ အဖြစ်က မြန်မာစာကောင်းကောင်းတတ်ခြင်ရင် လန်ဒန်ယူနီဗာစီတီ သွားတတ်ရတယ်ဆိုတာမျိုးလို ဖြစ်နေပြီ။
ဒီအကြောင်းတွေက ပြောရရင်အများကြီးပဲ။ ကျောင်းသားသုံးစာရေးကိရိယာ အမျိုးမျိုး၊ အင်ဂျင်နီယာ ကျောင်းသားသုံး T-square, set-square တွေအပြင် ပေတံကအစ ပြည်တွင်းမှာ ထုတ်လုပ်နိုင်အောင် မကြိုးပန်းကြဘူးထင်တယ်။ လျှပ်စစ်စွမ်းအားမလုံလောက်မှု ကြောင့်ဈေးကွက်ဝင်လာတဲ့ ပစ္စည်းတွေ (ဥပမာ ..အရေးပေါ်လျှပ်စစ်မီးအိမ်၊ မီးအားမြှင့်စက်၊ UPS) ကိုလည်း ပြည်တွင်မှာထုတ်လုပ်တာလည်း ရှိတော့ရှိပါလိမ္မယ်။ ဒါပေမယ့် တရုတ်နိုင်ငံက ၀ယ်ယူရတာတော့ တော်တော်များတယ်ထင်တယ်။ မီးအားမပြည့်တာက မြန်မာပြည်ရဲ့ သီးသန့်ကိုယ်ပိုင်ပြဿနာပါ။ အခုပြောခဲ့တဲ့ ပစ္စည်းတွေက အခြားနိုင်ငံမှာဆိုရင် သိပ်ရောင်းရမယ်မထင်ပါဘူး။ ဒီပစ္စည်းထုတ်လုပ်ဖို့နည်းပညာဆိုတာ၊ ဒီပစ္စည်းတွေထဲက circuit ဆိုတာတွေဟာ မြန်မာတွေလိုက်လို့ မမီနိုင်လောက်အောင် ခက်ခဲမြင့်မားနေတာတော့ မဟုတ်လောက်ပါဘူး။ မဟာတန်း ပါရဂူတန်းတွေလည်း ဖွင့်လစ်သင်ကြားနေတယ်ဆိုတော့ သုတေသနလုပ်ငန်းတွေလည်း လုပ်တော့ လုပ်နေကြမှာပါ။ မိမိတို့ရဲ့ဈေးကွက်လိုအပ်ချက်နဲ့ မိမိတို့ပြည်သူတွေကြားက ပြဿနာတွေကို လေ့လာမှုအားနည်းနေကြပြီး ကျောင်းပြထမ်းချက် ပြီးဆုံးအောင်သင်တာလောက်နဲ့ပဲ ကျေနပ်နေရတာများတယ် ထင်ပါတယ်။
ဈေးကွက်ဝင်ပညာရေးစနစ် ပို့စ်ကို ရေးရတဲ့အကြောင်းကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေလေးတွေကို ကျွန်တော်စဉ်းစားမိသလောက် ပြောပြချင်လို့ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်နေဆဲ ဆရာ ဆရာမတွေကို အပြစ်ပြောလိုခြင်းမရှိပါ။ သူတို့မှာလည်း ကျွန်တော်စဉ်းစားသလို (ကျွန်တော် စဉ်းစားသည်ထက် ပိုကောင်းသော )အတွေးတွေရှိ နေနိုင်ပါတယ်။ အခက်အခဲအမျိုးမျိုးကြောင့် စိတ်သွားတိုင်းကိုယ်မပါ ဖြစ်နေရတဲ့ အနေအထားတွေလည်း ရှိနိုင်ပါတယ်။ အပြင်ကဝေဖန်သူဆိုတာ အမှန်တကယ်အလုပ်လုပ်နေတဲ့ လူလောက်တော့ လုပ်ငန်းခွင်အခက်အခဲကို နားမလည်းနိုင်ပါ။ ဒါကြောင့် ဒီပို့စ်မှာအားနည်းချက်တွေ အများကြီးရှိနေနိုင်ပါတယ်။
(အနာဂါတ်တွက် ရင်သွေးငယ်များ ပို့စ်မှာ comment ရေးခဲ့စဉ်က အခြေခံပညာ အဆင့်မှာ လက်တွေ့ဘ၀အတွက် အမှန်တကယ် အသုံးဝင်မယ်ထင်သော အကြောင်းအရာတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ အဲဒီတုန်းက မပြောခဲဖြစ်တာလေးကို ဒီမှာနည်းနည်းပြောလိုပါတယ်။ ကျား/မ သဘာဝ အသက်အရွယ်အလိုက် တွေ့ကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာတွေ၊ အိမ်ထောင်ရှင်တွေသိထားသင့်တဲ့ ကျန်းမာရေး အသိပညာတွေဆိုတာကိုလည်း ( ဆရာဝန်အချို့ကတော့ ပညာပေးစာအုပ်ကြီးတွေ ရေးသားထုတ်ဝေနေတာ ရှိပေမယ့်) အစိုးရပညာရေးမှာတော့ (အခြေခံအဆင့်ရော အဆင့်မြင့်ပညာအဆင့်မှာပါ) လုံးဝမပါဝင်တာတွေ့ရပါတယ်။ လူငယ်တချို့ကြားမှာဆိုရင်လည်း အဲဒီလိုပညာပေးစာအုပ်တွေ ဖတ်ရမှာ (မေးမြန်းဆွေးနွေးရမှာ) ကိုရှက်ရမှာလို ကြောက်ရမှာလိုထင်နေကြတယ်။ လူတိုင်းနဲ့သက်ဆိုင်တဲ့ အသိပညာတွေဆိုရင် အခြေခံပညာ အထက်တန်းအဆင့် ကတည်းက စနစ်တကျ သင်ပေးလိုက်သင့်တယ်ထင်ပါတယ်။)

0 comments:

Post a Comment